တရုတ်-မြန်မာနယ်စပ် မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း) မြို့မှာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ စစ်ကောင်စီတပ်တို့ ဒီနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ကြူကုတ် (ပန်ဆိုင်း) မြို့နဲ့ သုံးမိုင်ခန့်အကွာ တောင်ကြောတလျှောက် ဩဂုတ် ၁၈ ရက်က ကတည်းက တိုက်ပွဲ ပြင်းထန်နေပြီး ဒီနေ့ လက်နက်ကြီးနဲ့ အပြင်းအထန် ပစ်နေတာလို့ ဆိုပါတယ်။
"ဟိုးဘက် တောင်ပေါ်ဘက်က လက်နက်ကြီးနဲ့ အပြင်းအထန် ပစ်နေလို့ ဒီဘက် ပစ်လိုက်တာထင်တယ်။ ဘယ်လိုလည်း မသိဘူး။ MNDAA ဘက်က သင်္ချိုင်းကုန်းကနေရဲ စခန်းကို ပစ်တာနေမှာ။ ဘုရားကျောင်းကို ထိသွားတယ်။ ဘုရားကျောင်းက မက်မန်းပင်၊ ရေစင်၊ ဘရားကျောင်းရုံး ပြတင်းပေါက်၊ ဘုရားကျောင် အုတ်နံရံတွေ ထိသွားတယ်။ လူတော့ ထိခိုက်တာ မရှိဘူး" လို့ မြို့ခံက ရှင်းပြပါတယ်။
ကြူကုတ် (ပန်ဆိုင်း) မြို့တွင်း ဘုရားကျောင်းအနီးမှာ နေထိုင်သူတစ်ဦးက "ဘုရားကျောင်းနဲ့ ရဲစခန်းက နီးတယ်။ အခု ကျနော်တို့လည်း ထွက်ပြေး တိမ်းရှောင်ရမလို ပြောနေတယ်။ အရေးကြီး ပစ္စည်းတွေ သိမ်းနေတယ်။ စိုးရိမ် ပူပန်နေရတယ်”လို့ ပြောပါတယ်။
ဩဂုတ် ၄ ရက်ကလည်း ကြူကုတ် (ပန်ဆိုင်း) အနီးတဝိုက် တိုက်ပွဲ ပြင်းထန်လာလို့ ရွာပေါင်း ၈ ရွာက ဒေသခံ ၁၄၀၄ ဦး တရုတ်နယ်စပ် တလျှောက်မှာ ယာယီ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
ရှောင်တိမ်းနေရသူတွေထဲမှ ရွာ ၂ ရွာက တဲထိုးနေထိုင်ရတဲ့ မိသားစုတွေ ရေဘေးနဲ့ ထပ်မံ ကြုံတွေ့နေရတာကြောင့် ခက်ခဲနေကြရပါတယ်။
ကြူကုတ် (ပန်ဆိုင်း) အနီးတဝိုက်နဲ့ မုံးကိုး မြို့ဝန်းကျင်မှာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ စစ်ကောင်စီတို့ကြား ဇွန်လကတည်းက တိုက်ပွဲ ဖြစ်ပွားနေတာပါ၊။