အာဖဂန်စစ်ပွဲ အမေရိကန်တို့ ဘာကြောင့်မအောင်မြင်သလဲ

အီရတ်နဲ့ အာဖဂန်နစ္စတန်မှာ အမေရိကန်စစ်တပ်ကို နိုင်ငံရေးအကြံပေးလုပ်ခဲ့တဲ့ စစ်သမိုင်းပညာရှင် Carter Malkasian ရဲ့ လတ်တလော နာမည်ကြီးစာအုပ် ‘The American War in Afghanistan: A History’ အကျဉ်းချုပ် ဖော်ပြထားတဲ့ဆောင်းပါးကို ပြန်ဆိုထားတာပါ။  

နှစ်ပေါင်း ၂၀ ကြာ စစ်ဖြစ်ပြီးနောက် အမေရိကန်ပြည်ထောင်စုဟာ အာဖဂန်နစ္စတန်က ထွက်ခွာခဲ့ပါတယ်။ ဘာသံသယမှ မလိုပါဘူး၊ ကျွန်တော်တို့ စစ်ပွဲရှုံးသွားခဲ့တာပါ။ ပိုပြီး သက်ညှာစွာပြောရရင်တော့ ကျွန်တော်တို့ရဲ့ ဦးတည်ချက်ပန်းတိုင်တွေ အထမမြောက်ခဲ့ဘူးပေါ့။ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ တာလီဘန်တွေက တိုင်းပြည်မြောက်ပိုင်းကို ကျူးကျော်သိမ်းပိုက်လာတယ်။ အမေရိကန်ပံ့ပိုးကူညီမှု မရှိတာနဲ့ အာဖဂန်စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ တစ်လအတွင်း ဒေသခရိုင် နှစ်ဒါဇင်ကျော် ဆုံးရှုံးလက်လွှတ်လိုက်ရတယ်။ ကန်ဒဟာ၊ မာဇာ အီ ရှရစ် စတဲ့ အဓိကမြို့ကြီးတွေမှာ တိုက်ပွဲဖြစ်ပြီး ရှုံးနိမ့်ခဲ့တယ်။ ပြည်တွင်းစစ်ပြန်ဖြစ်နိုင်တယ်လို့ အမေရိကန်ဝါရင့်ဗိုလ်ချုပ်တွေက သတိပေးထားခဲ့သလို၊ ထောက်လှမ်းရေးအစီရင်ခံစာတွေမှာလည်း အမေရိကန်တို့ ဆယ်စုနှစ်နှစ်ခုလောက် ထူထောင်ပေးထားတဲ့ အာဖဂန်အစိုးရဟာ တစ်နှစ်အတွင်း ကျရှုံးလိမ့်မယ်ဆိုတာကို ခန့်မှန်း ပြောဆိုထားပါတယ်။ 

ကျွန်တော်တို့ ဘာကြောင့် ရှုံးခဲ့ရသလဲ။ ဒီမေးခွန်းကိုဖြေနိုင်ဖို့ ၁၂ နှစ်ကြာအောင် ကျွန်တော် ကြိုးစားခဲ့တယ်။ ဝေးလံတဲ့ အာဖဂန်နစ္စတန် ဟဲလ်မန်ပြည်နယ်မှာ ၂၀၀၉ ခုနှစ် အရပ်ဘက်အရာရှိတာဝန် စတင်ကတည်းက ဆိုပါတော့။ အာဖဂန်နစ္စတန်ရှိ အမေရိကန်တပ်အားလုံးရဲ့ဗိုလ်ချုပ်ကြီး ဂျိုးဇက်ဒန်းဖို့ဒ်ရဲ့ နိုင်ငံရေးအကြံပေးလုပ်နေစဉ် ၂၀၁၃နဲ့ ၂၀၁၄ မှာလည်း ဒီမေးခွန်းပဲ ကျွန်တော် ဆက်စဉ်းစားနေခဲ့တယ်။ နောက် ဒန်းဖို့ဒ် နိုင်ငံတကာတပ်ပေါင်းစုဥက္ကဋ္ဌဖြစ်လာတော့ သူ့ရဲ့  ဝါရင့်အကြံပေးလုပ်တော့လည်း ဒါကိုပဲ စဉ်းစားနေခဲ့တယ်။ 

အမေရိကန်တပ်မှူးကြီးတွေနဲ့အတူ တနိုင်ငံလုံးအနှံ့ ခရီးသွားခဲ့ပြီး၊ တိုက်ပွဲတွေ တပွဲပြီးတပွဲ မြင်တွေ့ခဲ့ရတယ်။ လက်နက်ရိက္ခာ ထောက်ပံ့မှုများစွာကောင်းမွန်တဲ့ စစ်သားတွေနဲ့ ရဲတွေဟာ အစစအရာရာ ရှားပါးချို့တဲ့တဲ့ တာလီဘန်တွေကို အမြဲရှုံးနိမ့်နေတယ်။ အမေရိကန်တွေ ဆက်မနေတော့ဘူးဆိုရင်နဲ့ အာဖဂန်အစိုးရတပ်တွေ ပြိုလဲဖို့က သေချာပေါက် ဖြစ်နေတယ်။ 

ဘာကြောင့် ရှုံးနိမ့်ရသလဲဆိုတာအတွက် တစ်ခုတည်းသောအဖြေ ကျွန်တော် ရှာမတွေ့ပါဘူး။ အမျိုးမျိုးသော ရှင်းပြချက်တွေကနေ ပဟေဠိရဲ့ အစိတ်အပိုင်းများစွာကို ဖြေရှင်းကြည့်ပါတယ်။ ဒီနေရာမှာ ကျွန်တော် အဓိက မီးမောင်းထိုးပြလိုတာကတော့ တာလီဘန်တွေကိုယ်တိုင်နဲ့ ( အထူးသဖြင့် ဒေသခံပထန်လူမျိုးတွေနဲ့) ကျွန်တော် စကားပြောဖြစ်ခဲ့တာကိုပါ။ “တာလီဘန်တွေက ယုံကြည်ချက်အတွက် တိုက်တာ။ ကောင်းကင်ဘုံ (ဂျန္နသ်) အတွက် တိုက်တာ၊ အစ္စလာမ်မဟုတ်သူတွေကို တိုက်တာ (ဂါဇီ)။ အာဖဂန်စစ်တပ်နဲ့ ရဲတွေကတော့ ငွေအတွက် တိုက်ကြတာ။ တာလီဘန်တွေက တိုက်ပွဲမှာ သူတို့ဦးခေါင်း ဆုံးရှုံးလိုစိတ် လိုလိုလားလား ရှိတယ်၊ စစ်တပ်နဲ့ ရဲတွေ တာလီဘန်ကို ဘယ်လိုယှဉ်နိုင်မှာလဲ”လို့ ကန်ဒဟာမြို့ တာလီဘန်ဘာသာရေးခေါင်းဆောင် တစ်ဦးက ၂၀၁၉ မှာ ကျွန်တော့်ကို ပြောပါတယ်။

တာလီဘန်တွေမှာ အစိုးရတွေတပ်ကို တိုက်ခိုက်ဖို့ စိတ်ဓာတ်အသာစီး ရှိနေတယ်။ သူတို့က ကျူးကျော်သူ နိုင်ငံခြားသားတွေကို တိုက်ထုတ်ဖို့ တောင်းဆိုတယ်။ အစ္စလာမ်သင်ကြားချက်တွေကို စူးစူးနစ်နစ် ကိုးကားပြီး၊ အာဖဂန်အမျိုးသားဝိသေသကို ထင်ဟပ်ကြတယ်။ တာလီဘန်တွေက ‘ဂျီဟဒ်’ ဆိုတာ ‘ခုခံခြင်း’ ‘ရုန်းကန်ခြင်း’ လို့ နားလည်ထားတယ်။ သမိုင်းကြောင်းအရ ပြင်ပကျူးကျော်ဖိနှိပ်လာသူတစ်ဦးပြီးတစ်ဦးကို ကာကွယ်ခြင်းလို့ ဆိုလိုတယ်။ အမေရိကန်တို့မြင်တဲ့ ဂျီဟဒ်နဲ့ ကွဲလွဲတယ်။ အစ္စလာမ်ဘာသာက ညီညွတ်ခြင်း၊ တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်းကို ဟောကြားသော်လည်း၊ တာလီဘန်တို့က မွတ်စလင်မဟုတ်သူ နိုင်ငံခြားကသိမ်းပိုက်သူတွေနဲ့ မဟာမိတ်ပြုလိုတဲ့အစိုးရဆိုရင် လုံးဝမုန်းတီး ဆန့်ကျင်ကြတယ်။ 

အာဖဂန်နစ္စတန်မှာ အမေရိကန်တို့ ရောက်ရှိနေခြင်းက အာဖဂန်တို့အတွက် သမိုင်းရှည်ကြာစွာ ပြင်ပကျူးကျော်သူတွေကို ခုခံကာကွယ်တဲ့ အမျိုးသားရေးစိတ်ဓာတ်တွေ၊ ဘာသာရေးကတိကဝတ်နဲ့ အမိမြေကာကွယ်လိုစိတ်တွေ ပိုပြီး ပေါ်ထွက်စေပါတယ်။ အမျိုးသား အမျိုးသမီးတွေကို သူတို့ဘာသာ၊ သူတို့ဌာနေ ကာကွယ်ဖို့ ပိုစေ့ဆော်ပေးတယ်။ လူငယ်တွေမှာ ရဲဝံ့တိုက်ခိုက်လိုစိတ် ပိုပြင်းထန်လာစေတယ်။ အဲဒီလို အာဖဂန်အမျိုးသားရေးနဲ့ ပေါင်းစပ်ပေးနိုင်တဲ့ တာလီဘန်တို့ရဲ့ စွမ်းဆောင်ရည်က အမေရိကန်တို့ ရှုံးနိမ့်ရတဲ့ အဓိကအချက်ပါပဲ။ 

ဒီရှင်းလင်းချက်ကို အမေရိကန်ခေါင်းဆောင်တွေနဲ့ ကျွန်တော်အပါအဝင် ကျွမ်းကျင်ပညာရှင်တွေက ဂရုမထား လျှော့တွက်ခဲ့ကြတယ်။ ကျွန်တော်တို့က တာလီဘန်တို့ရှုံးနိမ့်သွားမယ်၊ အာဖဂန်အစိုးရ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီး အရာရာဖြစ်လာမယ်လို့ ယုံကြည်နေတာပါ။ လုံးဝဖြစ်မလာပါဘူး။ ဒီလိုပြောတော့ အာဖဂန်နစ္စတန်အခြေအနေကို အဲလိုစသိချိန်ကတည်းက ကျွန်တော်တို့ စွန့်ပစ်ခဲ့သင့်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ မဖြစ်နိုင် မရနိုင်တဲ့ ဦးတည်ချက်ပန်းတိုင်တွေအတွက် ရင်းမြစ်တွေဖြုန်း အကုန်ကျခံနေတာတွေ ရှောင်ရှားပြီး မဟာဗျူဟာကောင်း စီမံလုပ်ဆောင်နိုင်တယ်လို့  ဆိုလိုချင်တာပါ။ ငွေကို လျော့သုံးနိုင်တယ်။ အသက်ဆုံးရှုံးမှုနည်းအောင် လုပ်နိုင်တယ်။ သို့သော် တရစပ်တိုက်နေတဲ့ရန်သူနဲ့ နှစ်တွေပေါက်အောင် ရင်ဆိုင်ရတဲ့တလျှောက် အမေရိကန်တွေဟာ အရှုပ်ထဲမှာ မဟာဗျူဟာ များများစားစား မပြောင်းနိုင်ခဲ့ပါဘူး။ နောက်ဆုံး ကျွန်တော်တို့ရဲ့ရှည်ကြာတဲ့စစ်ပွဲဟာ စိတ်ပျက်ဖွယ်တွေ မကျေနပ်စရာတွေနဲ့ အဆုံးသတ်ရပါတယ်။ 

၂၀၀၉ မှာ ကမ်းတက်ခြေလျင်တပ်တွေနဲ့ ပူးတွဲအလုပ်လုပ်ဖို့ ဟဲလ်မန်ပြည်နယ်၊ ဂါမ်ဆာခရိုင်ကို ကျွန်တော် သွားခဲ့ရတယ်။ အိုဘားမား သမ္မတဖြစ်လာခါစမှာ မဟာဗျူဟာအရ ဟဲလ်မန်ပြည်နယ်က တာလီဘန်တွေကို မောင်းထုတ်ဖို့ ကျွန်တော်တို့ ကြိုးစားကြပါတယ်။ မျှော်လင့်ချက်တွေလည်း ရှိနေတယ်။ ဒါပေမဲ့ စိတ်ဝင်စားဖို့ကောင်းတာက ၂၀၀၁ အမေရိကန် ကျူးကျော်ဝင်ရောက်ပြီး ကနဦးတည်ငြိမ်မှုတွေ ရပြီးကာမှ ဘာကြောင့် အကြမ်းဖက်မှုတွေ ပြန်ဖြစ်လာရသလဲ ဆိုတာပါ။ 

အာဖဂန်နစ္စတန်နဲ့ပတ်သက်လို့ ကျွန်တော့်ရဲ့အစောပိုင်းလေ့လာချက်အရ အကြမ်းဖက်မှုတွေဖြစ်စေတဲ့ အဓိက မောင်းနှင်အားက မကျေနပ်ချက်တွေကြောင့်လို့ သိထားတယ်။ အစိုးရနဲ့ပတ်သက်သူတွေရဲ့ မတရားမှုတွေနဲ့ စစ်ဘုရင်တွေရဲ့ဖိနှိပ်မှုတွေကြောင့် ဒေသခံတွေက အကြမ်းဖက်တုံ့ပြန်နေကြတာ။ ဒီနောက် မြေယာပြဿနာ၊ အနိုင်ကျင့်တဲ့ရဲတွေ၊ ဘိန်းရောင်းဝယ်မှုအပေါ် ခေါင်းပုံဖြတ်တဲ့အစိုးရ စတဲ့ မကျေနပ်ချက်အကြောင်းတရား အများအပြားကို ထပ်တွေ့လာရပါတယ်။ 

ဂါမ်ဆာခရိုင်မှာ ပါကစ္စတန်ကလည်း ပြဿနာကြီးတစ်ခုပါ။ ဒီနိုင်ငံက တာလီဘန်တွေကို တိုက်ခိုက်ရာမှာ အမေရိကန်အစိုးရနဲ့ ပူးပေါင်းလိုစိတ်မရှိတာမို့ နာမည်ပျက်ပြီးသားပါ။ ဂါမ်ဆာမှာရှိတဲ့ ထောင်သောင်းချီတဲ့ တိုက်ခိုက်ရေးသမားတွေဟာ ပါကစ္စတန်ကလာပါတယ်။ အကြမ်းဖက်မှုဖြစ်ရတဲ့ နောက်အကြောင်းတစ်ခုက အစိုးရအတွင်း၊ စစ်တပ်အတွင်း၊ မျိုးနွယ်စုတွေနဲ့ စစ်ဘုရင်မဟာမိတ်တွေအတွင်း အချင်းချင်း ကွဲပြဲရန်လိုနေတဲ့ ပြဿနာပါ။ ဘုံရန်သူတာလီဘန်တွေကို ဆန့်ကျင်ဖို့ ညီညွတ်ရေးတည်ဆောက်မရအောင် ပျက်စီးနေကြတယ်။ 

ဂါမ်ဆာကနေ ထွက်လာပြီးနောက် ဗိုလ်ချုပ်ကြီးဒန်းဖို့ရဲ့ အကြံပေးလုပ်ဖို့အတွက် တတိုင်းပြည်လုံးကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ကြည့်နိုင်တဲ့ အခွင့်အရေးရခဲ့ပါတယ်။ ပြဿနာက ပိုပြီးနက်နဲတယ်လို့ ခံစားမိတယ်။ လူတွေရဲ့မကျေနပ်မှု၊ ပါကစ္စတန်ရဲ့ပံ့ပိုးမှု၊ အစိုးရအတွင်းနဲ့လူမျိုးစုအတွင်း မတည့်ကြမှု စတဲ့အချက်တွေနဲ့တင် တိုက်ပွဲတိုင်း ကျွန်တော်တို့ ရှုံးနေတာကို ရှင်းပြဖို့ မလုံလောက်သေးဘူးဆိုတာ သိလာတယ်။ ကျွန်တော်တို့ အမေရိကန်တွေ ထွက်ခွာချိန်မှာ အာဖဂန်အစိုးရဟာ သူ့ခြေထောက်ပေါ်သူရပ်ဖို့လည်း အချိန်တန်နေပြီ။ သို့သော်လည်း ရဲနဲ့စစ်သားတွေဟာ တိုက်ပွဲတိုင်းမှာ ရှုံးနေတယ်။ များသောအားဖြင့် စစ်သားနဲ့ ရဲတွေက ပြိုင်ဘက် တာလီဘန်လောက် တိုက်ခိုက်လိုစိတ် မရှိဘူး။ အကျိုးရလဒ်က အစိုးရဟာ မြေပြင်မှာ ရှုံးနိမ့်နေတယ်။ ဆုံးရှုံးမှုတွေက ပိုးစိုးပက်စက်ပါပဲ။ ဒီအတိုင်းဆက်သွားရင် အာဖဂန်အစိုးရဟာ အဓိက မြို့ကြီးတွေကို မထိန်းနိုင်တော့ဘဲ ကြမ္မာဆိုးဆိုက်တော့မယ်။ နောက်ဆုံး  အဲဒီ မချိမဆန့်ဆုံးရှုံးမှုတွေကနေ ဒီကနေ့ မြင်တွေ့ရတဲ့ အလုံးစုံပျက်စီးမှုထိ ဖြစ်လာတာပါပဲ။ 

အဂတိလိုက်စားမှုကလည်း ပြဿနာရဲ့အစိတ်အပိုင်းတစ်ခုပါ။ အစိုးရအရာရှိတွေနဲ့ စစ်ခေါင်းဆောင်တွေက သူတို့အိတ်ထဲထည့်ဖို့၊ သူတို့ လက်နက်ခဲယမ်းမီးကျောက်တွေကို မှောင်ခိုဈေးနဲ့ရောင်းပစ်ဖို့ပဲ စဉ်းစားနေတဲ့အခါ အောက်ခြေတပ်သားတွေနဲ့ ရဲတွေဟာ ထိရောက်မှုနဲ့စွမ်းဆောင်ရည် ကျဆင်းကုန်ပြီး ဆုံးရှုံးမှုတွေခံရပါတယ်။ အဲဒီခြစားမှုစရိတ်စက ထည့်တွက်ပြီးတာတောင်မှ စစ်သားနဲ့ရဲတွေဟာ တိုက်ပွဲတိုင်းမှာ တာလီဘန်တွေထက် အစစအရာရာ ပြည့်ပြည့်စုံစုံ ရှိနေပါသေးတယ်။ 

အဲတော့ ရှုံးနိမ့်ရတဲ့ အဓိကအကြောင်းကတော့ စိတ်ဓာတ်ပါ။ စစ်သားနဲ့ရဲတွေဟာ ခြစားနေတဲ့အစိုးရအတွက် သူတို့အသက်တွေ ပေးလိုစိတ်မရှိပါဘူး။ တာဝန်ကျေသဘောမျိုးတောင် လုပ်လိုစိတ်မရှိဘူး။ တစ်ဖက်က တာလီဘန်တွေမှာက လစာမရှိ၊ လက်နက်ကြီးကြီး သိပ်မရှိ၊ ဆေးဝါးစောင့်ရှောက်မှုမရှိ၊ သူတို့ခေါင်းဆောင်တွေ ပါကစ္စတန်မှာ ပုန်းခိုနေခိုက် တပ်သားတွေက မြေပြင်မှာ အသက်ဆက်တိုက်ပေးနေပါတယ်။ အဲတော့ ကျွန်တော်တို့က ခြစားပြီး ခေါင်းမရှိတဲ့အစိုးရကိုပဲ အပြစ်ပုံချရမလား။ ဆိုးတာက အာဖဂန်အစိုးရတပ်တွေဟာ တာလီဘန်တွေထက် ထောက်ပံ့မှုရော ထရိန်နင်တွေပါ အများကြီးရပါလျက်နဲ့ အမေရိကန်လေကြောင်းနဲ့ အကြံပေးတွေမရှိရင် တိုက်ပွဲမှာ မလုပ်တတ်မကိုင်တတ် ဖြစ်ကြရော။ 

၂၀၁၄ ဩဂုတ်လ အာဖဂန်နစ်စ္စတန်က ထွက်လာကတည်းက ဘာကြောင့် ငါတို့ရှုံးနေရသလဲဆိုတဲ့ မေးခွန်းဟာ ကျွန်တော့်ခေါင်းကို ကြိမ်မီးအုံးစေခဲ့တယ်။ အထက်က ဖော်ပြတဲ့အချက်တွေအားလုံး သက်ဆိုင်တာကတော့ လုံးဝ ရှင်းနေပါတယ်။ သို့သော် ဒီအချက်တွေအားလုံးအပြင် ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ရတဲ့အခြေအနေကို  ရှင်းပြဖို့ တစုံတရာလိုအပ်နေပါသေးတယ်။ 

(ဆက်ပါမယ်) 

ရဲမြင့်ကျော်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up