ရန်ကုန်၊ ရွှေပြည်သာမြို့နယ်မှာ ဩဂုတ် ၁၉ ရက် ညပိုင်းက စစ်ကောင်စီတပ်က လူငယ်တချို့ကို ဝင်ဖမ်းတာမှာ ခုန်ချသွားတဲ့သူကို ရဲက သေနတ်နဲ့ပစ်တာကြောင့် လူငယ် ၁ ဦး သေဆုံးသွားပါတယ်။
ရွှေပြည်သာမြို့နယ် ဒ/၁၇ ရပ်ကွက်၊ အပိုင်း ၄ က အဆောင်တခုမှာ ည ၆ နာရီလောက်က ရဲနဲ့ စစ်သားတွေ အင်အားအလုံးအရင်းနဲ့ ရောက်လာပြီး ပစ်ခတ် ဖမ်းဆီးခဲ့တာလို့ ရွှေပြည်သာ ဒေသခံတယောက်က ပြောပါတယ်။
“ရဲနဲ့ စစ်တပ်က သူတို့ကို PDF တွေ ဆိုပြီး အရပ်ဝတ်နဲ့ ထောက်လှမ်းနေခဲ့တာလို့ သိရတယ်။ ဒီနေ့ သူတို့ ရှိနေတုန်း ဝင်ဖမ်းတာ။ စစ်ကားနဲ့ ရဲကား ၄ စီးလောက်နဲ့ နှစ်ဖက် ညှပ်ဖမ်းတာ၊ ကောင်လေး တယောက်က နောက်ဘက်ကနေ ခုန်ချတယ်။ ခုန်အချမှာပဲ ရဲက သေနတ်နဲ့ပစ်တာ ဗိုက်ပွင့်ထွက်ပြီး အဲနေရာမှာပဲ သေသွားတယ်။ အဆောင်ကလည်း ၃ ထပ်ဆောင်၊ သေသွားတာက အသက် ၂၀ ကျော်အရွယ်လောက် ရှိမယ်။”
အဲဒီအဆောင်ကနေ ယောက်ျားလေး ၂ ယောက်နဲ့ မိန်းကလေး ၁ ယောက်ကို ဖမ်းသွားတယ် လို့လည်း ဒေသခံက ပြောပါတယ်။
အဲဒီနောက် ရပ်ကွက်တခုလုံးကို အကြမ်းဖက်စစ်တပ်က မွှေနှောက်စစ်ဆေးခဲ့ပေမဲ့ နောက်ထပ်ဖမ်းဆီးခံရတာတော့ မရှိဘူးလို့ သိရပါတယ်။