စစ်ကိုင်းတိုင်း မုံရွာမြို့မှာ အောက်ဆီဂျင်အရေးပေါ်လိုအပ်နေသူတွေဟာ အောက်ဆီဂျင် ဖြည့်ဖို့ စောင့်ဆိုင်းနေချိန် ဩဂုတ် ၁၉ ရက် မနက် ၉ နာရီကျော်အချိန်မှာ စစ်ကောင်စီ တပ်သားတွေက ခြိမ်းခြောက်ပြန်လွှတ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေရဲ့ ခြိမ်းခြောက်မှုကြောင့် အောက်ဆီဂျင်အရေးပေါ် လိုအပ်သူတွေ အခက်အခဲဖြစ်တဲ့အပြင် အောက်ဆီဂျင်ဖြည့်ပေးတဲ့ ပရဟိတအဖွဲ့တွေမှာလည်း အခက်အခဲ ဖြစ်တယ်လို့ ဆိုကြပါတယ်။
အောက်ဆီဂျင် တန်းစီနေသူတစ်ဦးက “အောက်ဆီဂျင်လိုလို့ တန်းစီနေတာကို ခြိမ်းခြောက်ပြန်လွှတ်တယ်။ ပြန်လွှတ်တာမှာ လမ်းပေါ်တစ်ယောက်မှ မမြင်ချင်ဘူးဆိုပြီး ခြိမ်းခြောက်တဲ့ပုံစံနဲ့ ပြောတယ်။” လို့ ပြောပါတယ်။
ဒါ့အပြင် အောက်ဆီဂျင်လာရောက်တန်းစီသူတွေအနေနဲ့ မိုးရွာလာလို့ နေရာအခက်အခဲ ရှိလာရင် နားခိုဖို့လုပ်ထားတဲ့ ယာယီတဲတွေကိုလည်း စစ်ကောင်စီတပ်သားတွေက ဖြုတ်သိမ်းစေ ခဲ့တယ်လို့ သိရပါတယ်။