Home
မြန်မာသတင်း
သစ်ခွဲသားများကို ၂၀၂၃ ခုနှစ်မှစ၍ ပြည်ပတင်ပို့ခွင့် မပြုတော့ဟု စစ်ကောင်စီဒုဝန်ကြီးပြော
DVB
·
August 20, 2021

အခြေခံအဆင့်ခွဲစိတ်ထားတဲ့ သစ်ခွဲသားတွေကို နောင်မှာ ပြည်ပတင်ပို့ခွင့် မပြုတော့ဘဲ တဝက်တပျက် ကုန်ချော (Semi-finished) နဲ့ ကုန်ချော (finished) တွေကိုသာ ပြည်ပတင်ပို့ခွင့် ပြုမယ်လို့ စစ်ကောင်စီခန့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုဝန်ကြီးက ပြောပါတယ်။

ဒီအစီအစဉ်ကို လာမယ့်  ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်ကစပြီး ကျင့်သုံးသွားမယ့် အကြောင်း ဒုဝန်ကြီး ဦးမင်းမင်းဦးက နေပြည်တော်မှာ သြဂုတ် ၁၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီရဲ့ ဒုတိယအကြိမ်အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးတဲ့နောက် ရက်သတ္တပတ်အတွင်းမှာပဲ သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအဖွဲ့ (EIA) က  မြန်မာ့သစ်တောကဏ္ဍနဲ့ ပတ်သက်ပြီး  ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေညာချက်မှာတော့ မြန်မာနိုင်ငံအတွင်း သစ်တောဆိုင်ရာ စီမံခန့်ခွဲအုပ်ချုပ်မှုနဲ့ လုပ်ထုံးနည်းလမ်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ဖြစ်ဖို့အရေးဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်ခင်က ဖြစ်နိုင်ခြေတွေ ရှိခဲ့ပြီး မြန်မာ့သစ်တောကဏ္ဍကလည်း နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့တကွ လူမှုအခြေပြုအဖွဲ့အစည်းတွေ၊ သစ်တောမြေ စီမံခန့်ခွဲမှုဆိုင်ရာ ပညာရှင်တွေနဲ့ ပုဂ္ဂလိကပိုင်းက လည်း အားပေး ထောက်ခံမှုတွေ ရရှိနေခဲ့တယ်လို့ ဆိုပါတယ်။

အခုအခါမှာတော့ စစ်ကောင်စီအစိုးရအဖွဲ့က နိုင်ငံရဲ့ကဏ္ဍအားလုံးကို အုပ်ချုပ်လုပ်နိုင်နေပြီ ဖြစ်လို့ အစိုးရအတွက်သာ အကျိုးရှိစေမှာ ဖြစ်တာကြောင့် မြန်မာ့သစ်တောဆိုင်ရာ စီမံခန့်ခွဲ အုပ်ချုပ်မှုနဲ့ လုပ်ထုံးနည်းလမ်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေက ဖြစ်မလာနိုင်တော့ဘူးလို့ သုံးသပ်ထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက သစ်နဲ့ သစ်ထွက်ကုန်ပစ္စည်းတွေကို ဝယ်ယူသူတွေကြောင့် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီကျင့်သုံးမှု ပျက်စီးရာ ပျက်စီးကြောင်းကို ကူညီပေးသလို ဖြစ်သွားနိုင်တဲ့အပြင် စစ်တပ်အုပ်ချုပ်မှုကို ထောက်ပံ့သလို ဖြစ်သွားနိုင်ကြောင်းလည်း သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအဖွဲ့ (EIA) က သတိပေးထားပါတယ်။

မြန်မာ့သစ်လုပ်ငန်းဟာ အစိုးရပိုင် လုပ်ငန်းဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း ထောင်ချီအမြတ်အစွန်းတွေ ရရှိနေတဲ့ လုပ်ငန်းတခုဖြစ်ပေမယ့် အမြတ်အစွန်းတွေဟာ ဘယ်နေရာကိုရောက်ရှိသွားပြီး ဘယ်လို အသုံးပြုနေတယ်ဆိုတဲ့ အခြေအနေတွေကို ကြပ်မတ်စောင့်ကြည့်ခံရခြင်း မရှိတော့လို့ တာဝန်ယူ တာဝန်ခံတာလည်း မရှိနိုင်ဘူးလို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် သစ်တောဝန်ထမ်းတွေအများအပြား အာဏာဖီဆန် CDM လှုပ်ရှားမှုမှာပါဝင်ခဲ့ကြချိန်မှာ  မြန်မာပြည်တွင်း သစ်ခိုးထုတ်မှုတွေ၊ ကုန်းကြောင်း ၊ ရေကြောင်းကနေ  တရားမဝင်သစ်မှောင်ခို သယ်ဆောင်မှုတွေ အကြီးအကျယ်ပြုလုပ်ခဲ့ကြတဲ့ သတင်းတွေ ဒီဗွီဘီက ရရှိပါတယ်။ 

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက အာဆီယံအမွေနှစ်စာရင်းဝင် အလောင်းတော်ကဿပအမျိုးသား သစ်တောဥယျာဥ်ထဲက သက်တမ်းရင့် သစ်ပင်တွေကို လည်း စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်သူတွေက နေ့စဥ်လိုလို ခုတ်လှဲ သစ်ခိုးယူနေတာရှိတယ်လို့ လည်း အနီးဝန်းကျင်မှာနေထိုင်တဲ့ ရွာသားတွေက ဒီဗွီဘီကို ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ ကျွန်းသစ်အလုံးလိုက်ပြည်ပတင်ပို့မှုကို ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်ကစပြီး ရပ်နားခဲ့ပါတယ်။ ဒိနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာလည်း သစ်အလုံးလိုက်တင်ပို့မှုကို ရပ်နားထားတဲ့အပြင် ကျွန်းသစ်အဓိက ထွက်ရှိရာ ပဲခူးရိုးမက သစ်ထုတ်လုပ်မှုကိုလည်း ၁၀ နှစ်ရပ်ဆိုင်းခဲ့ပါသေးတယ်။ 

ပုဂ္ဂလိကကျွန်းစိုက်ခင်းက ထွက်ရှိတဲ့ ကျွန်းသစ် အပါအဝင် သစ်မာအမျိုးနွယ်ဝင်သစ်တွေကို တင်ပို့မှုတွေရှိနေသလို  တရားမဝင်သစ်ထုတ်လုပ်မှုတွေလည်း ရှိနေတာပါ။

ပြီးခဲ့တဲ့ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ သစ်တောထွက်ပစ္စည်းတင်ပို့မှုက ပုံမှန်(ရေကြောင်း)တင်ပို့မှု ၁၅၀ ဒသမ ၁၃ သန်းနဲ့ နယ်စပ်လမ်းကြောင်းတင်ပို့မှု ၃ ဒသမ ၉၃ သန်းရှိတာကြောင့် ပို့ကုန်ဝင်ငွေ ဒေါ်လာ ၁၅၄ ဒသမ ၀၆ သန်း ရရှိခဲ့တဲ့အကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ 

၂ဝ၁၉ ခုနှစ်၊ ဇွန်လက ထုတ်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက် အစီရင်ခံစာအရ ၁၉၉ဝ ပြည့်နှစ်မှ ၂ဝ၁၅ ခုနှစ်အထိ (၂၅နှစ်အတွင်း) မြန်မာနိုင်ငံမှာ သစ်တောဟက်တာ ၁ဝ သန်း ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ 

အဲဒီ့ ၂၅ နှစ်အတွင်း မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေစာရင်းမှာ သစ်တောဆုံးရှုံးမှု တတိယအများဆုံးနိုင်ငံဖြစ်ခဲ့ပြီး နိုင်ငံတွင်းမှာလည်း အခုအချိန်ထိ တရားမဝင်သစ်ထုတ်တာနဲ့ အဂတိလိုက်စားတွေလည်း  ရှိနေသေးတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

PHOTO- Forest Department

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024