Home
မေးမြန်းခန်း
လူဦးရေ ၃ သန်းခန့်ကို ကိုဗစ်-ကာကွယ်ဆေးထိုးပေးရန် ရည်မှန်းထား- NHC ဥက္ကဋ္ဌ ပဒိုမန်းမန်း
DVB
·
August 20, 2021

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားကျန်းမာရေးအဖွဲ့တွေပူးပြီး အမျိုးသားကျန်းမာရေးကော်မတီကို ဖွဲ့စည်းခဲ့သလို  ပြီးခဲ့တဲ့ဇူလိုင်လကုန်ပိုင်းတုန်းကလည်း  ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ (CTF) ဖွဲ့စည်းထားပါတယ်။ 

ဒီအဖွဲ့တွေအနေနဲ့ ဘာတွေ စတင်လုပ်ဆောင်နေပြီလဲ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ပြည်သူတွေကို ထိုးနှံပေးဖို့ အစီအစဉ် ဘယ်တော့ ဘယ်နေရာတွေမှာ စတင်ဆောက်ရွက်သွားမှာလဲ စတာတွေနဲ့ ပတ်သက်လို့ အမျိုးသားကျန်းမာရေးကော်မတီ (NHC) ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတဲ့ ပဒိုမန်းမန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ 

မေး- ဆရာတို့ အမျိုးသားကျန်းမာရေးကော်မတီဖွဲ့စည်းလိုက်ပြီဆိုတော့ ဘာကြောင့်ဖွဲ့စည်းရလဲ ဘာတွေလုပ်ဆောင်မှာလဲဆိုတာကို အရင်ဆုံးရှင်းပြပေးပါလား။ 

ဖြေ။ ။ “အမျိုးသားကျန်းမာရေးကော်မတီရဲ့ စုဖွဲ့မှုအခြေအနေကို ကျနော် အရင်ဦးဆုံး ရှင်ပြချင်ပါတယ်။ အမျိုးသားကျန်းမာရေးကော်မတီရဲ့ စုဖွဲ့မှုက တဘက်ကလည်း တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းက တထောင့်၊ ကျနော်တို့ ကျန်းမာရေးဝန်ကြီးဌာန (NUG) ကတထောင့်နဲ့  ကျနော်တို့ CBO ၊ CSO နဲ့ Institution တွေပေါ့နော်၊ အဲဒီက တထောင့်ဆိုပြီးတော့မှ ကျယ်ကျယ်ပြန့်ပြန့်လေးနဲ့ ဒီကာလမှာ တနိုင်ငံလုံးနဲ့ ဒီပြည်ထောင်စုတဝန်းလုံးကို ဆောင်ရွက်နိုင်ဖို့အတွက် အဓိက အဲဒီလောက်နဲ့ အစပျိုး ဖွဲ့စည်းလိုက်တာပေါ့နော်။”

“ရည်ရွယ်ချက်ကတော့ အထူးသဖြင့်တော့ ဖက်ဒရယ်ကို အခြေခံတဲ့ ကျန်းမာရေးမူဝါဒကို ချမှတ်နိုင်ဖို့နဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ကျန်းမာရေးစနစ်ကို တည်ဆောက်နိုင်ဖို့အတွက်ပေါ့၊ တချိန်တည်းမှာ အရေးပေါ်တုံ့ပြန်မှုကို ဆောင်ရွက်နိုင်ဖို့ကလည်း ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တရပ်မှာ ပါတဲ့အတွက်ကြောင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့  CTF အနေနဲ့  ဖွဲ့စည်းခဲ့တာပေါ့နော်။CTF အနေနဲ့ ကျနော်တို့ ဒီကာလက သာမန်လုပ်ငန်းအပေါ်မှာ နိုင်ငံတနိုင်ငံရဲ့ သာမန်အခြေအနေမှာ ဆောင်ရွက်ရတဲ့ကာလမျိုး၊ အခြေအနေမျိုး မဟုတ်တဲ့အတွက်ကြောင့် ကျနော်တို့က မဟာဗျူဟာအရတော့ နှစ်ရပ်နဲ့ ချည်းကပ်ရမှာဖြစ်တယ်။ ပထမ မဟာ ဗျူဟာအရကတော့ cross border အခြေပြုတဲ့ မဟာဗျူဟာနဲ့ ဒုတိယ မဟာဗျူဟာကတော့ ရန်ကုန်ကို အခြေပြုတဲ့ ရန်ကုန်လေဆိပ်ကို အခြေပြုတဲ့ မဟာဗျူဟာပေါ့။ အဓိက ပစ္စည်းသယ်ယူမှုပေါ့၊ ကိုဗစ်-၁၉ ကာကွယ်ခြင်းနဲ့ ပတ်သက်တဲ့ ဆေးဝါးကို သယ်ယူပို့ဆောင်ဖို့က၊ သယ်ယူသိုလောင်ရေးကအစ ဒီလိုလုပ်ရတဲ့အတွက် ပြည်သူလူထုထဲကို ဒီလုပ်ငန်းစဉ် ရောက်အောင်အတွက် ဒီမဟာဗျူဟာ နှစ်ရပ်နဲ့ ချည်းကပ်ဆောင်ရွက်တယ်လို့ပဲ ပြောရမှာဖြစ်တယ်။”

မေး။ ဆရာတို့ CTF အနေနဲ့ ဒီကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီးတော့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ မြန်မာပြည်တွင်းကို ရောက်ရှိနေပြီလား။ နောက်ပြီး ဒီတိုင်းရင်းသားဒေသကို ရောက်နေပြီလား။ ကာကွယ်ဆေးထိုးနေပြီလား အဲဒီအခြေအနေလေးကို ပြောပြပေးပါဦး။ 

ဖြေ။ ။ “ပထမဦးဆုံး တိုင်းရင်းသားဒေသမှာ Cross Border အနေနဲ့ကတော့ ဒီတိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းနဲ့ တိုင်းရင်းသားကျန်းမာရေးဌာနအနေနဲ့ အစပျိုးခဲ့တာတွေတော့ အထူး သဖြင့်တော့ မြောက်ပိုင်းဒေသနဲ့ ကျနော်တို့ ဒီအနောက်ဘက်ဒေသအပါအဝင် ဒီချင်းဘက်ဒေသ၊ ရခိုင်ဘက်ဒေသမှာလည်း တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ သူတို့ရဲ့ ဆောင်ရွက်မှုတွေကလည်း တစုံတရာအတွက်တော့ စနိုင်ပြီလို့ ပြောရမှာဖြစ်တယ်။ သို့သော် အမျိုးသားကျန်းမာရေးကော်မတီ (NHC) အနေနဲ့ CTF အနေနဲ့ တစုံလုံးကို စီမံဆောင်ရွက်ဖို့က နိုင်ငံတကာက ကူညီပံ့ပိုးမှုအပိုင်းနဲ့ နိုင်ငံတကာက ဆေး လှူဒါန်းမှာလည်းရှိတယ်။ ငွေကြေးအရ ပံ့ပို့မှာလည်းရှိတယ်။ ပြီးတော့ ကျနော်တို့ရဲ့ရနိုင်တဲ့ ဝင်ငွေကနေပြီးတော့မှလည်း ဝယ်ယူပြီးတော့ ထိုးနှံမှာလည်းရှိတယ်။ ဒါကလည်း ကျနော်အခုနပြောတဲ့ ဗျူဟာနှစ်ခုအရ Cross Border အရကတော့ အနောက်ဘက်နဲ့ မြောက်ဘက်မှာ တစုံတရာသွားနေနိုင်ပေမယ့် ကျနော်တို့ တောင်ဘက်အခြမ်းဖြစ်တဲ့ ကရင်နီ၊ မွန်၊ ရှမ်း၊ ကရင်တို့ အဲဒီတိုင်းတွေမှာကတော့ Cross Border က ထိုင်းကို ဖြတ်ရမှာဆိုတော့ ထိုင်းအစိုးရနဲ့သော်လည်းကောင်း၊ ထိုင်း institution နဲ့ သော်လည်းကောင်း ဆွေးနွေးညှိနှိုင်းနေဆဲပဲဖြစ်ပါတယ်။”

“ထိုနည်းလည်းကောင်းပဲ တကယ်လို့ ရန်ကုန်ကို ဖြတ်မယ်ဆိုရင်လည်းပဲ ဒီ third party တခု ယူအန်အေဂျင်စီကနေ ဖြတ်ပြီးတော့မှ သယ်တာကို ကျနော်တို့က မူအရ ချမှတ်ထားတာရှိတယ်။ ဒါကလည်းပဲ ဆောင်ရွက်နေဆဲပဲလို့ ပြောရမှာဖြစ်တယ်။ ဒါပေမဲ့ အစီအမံကတော့  Cross Border ကိုဖြတ်မှာရှိတယ်။ ရန်ကုန်မှာ ဖြတ်တဲ့ဟာကတော့ စစ်ကောင်စီရဲ့အုပ်ချုပ်နယ်မြေနဲ့ လွှမ်းမိုးတဲ့ နယ်မြေကို ဖြတ်ရမယ့်အတွက်ကြောင့် စစ်ကောင်စီနဲ့ အတတ်နိုင်ဆုံး ကင်းလွှတ်နိုင်တဲ့ အခင်းအကျင်း ဖြစ်ဖို့အတွက်က ကျနော်တို့ တတိယအင်အားစုဖြစ်တဲ့ ယူအန်အေဂျင်စီကနေပြီးတော့ သယ်ယူပို့ဆောင်မှုတွေ ဆောင်ရွက်ပေးဖို့ ကျနော်တို့ ပြောဆိုဆွေးနွေး ချည်းကပ်ထားတဲ့အတွက် ဆွေးနွေးနေဆဲလို့ ပြောလို့ရပါတယ်။ တချို့နေရာတွေကျတော့ တတိယအင်အားစုက တိုက်ရိုက်ဆေးထိုးနှံတာလည်း ရှိတာပေါ့။ အထူးသဖြင့် EAO နေရာနဲ့ တိုင်းရင်းသားတော်လှန်ရေးအုပ်ချုပ်နယ်မြေမှာတော့ ကျနော်တို့တိုင်းရင်းသား တော်လှန်ရေး ကျန်းမာရေးဝန်ထမ်းနဲ့ပဲ စီမံဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

မေး။ ဆို‌တော့ ဆရာအခုနပြောသလို ကချင်တို့၊ ရခိုင်တို့ဘက်မှာတော့ အစပျိုးနိုင်ပြီဖြစ်တယ်ဆိုတော့ ကာကွယ်ဆေးဖြန့်နိုင်မှုအခြေအနေက အရေအတွက် ဘယ်လောက်ရှိတယ်လို့ ပြောလို့ရမလဲ။ 

ဖြေ။ “ ခန့်မှန်းခြေအရ ကျနော်တို့ရဲ့စကားပြောထားအရတော့  US အပါအဝင် တခြားနိုင်ငံမှာ ဆေးအမျိုးအစားရရှိမှု အပေါ်မှာလည်း မူတည်တာပေါ့။ ကျနော်တို့ ယေဘုယျအားဖြင့် ၆ သန်းလောက်တော့ ဒါအနည်းဆုံး ပြောရမှာဖြစ်တယ်။  ၆ သန်းဆိုတာ ဆေးလုံးရေဆိုတာထက် Dose ပေါ့နော်။ ဆေးတ Dose ကို နှစ်ခါထိုးရမယ်ဆိုတော့ လူဦးရေနဲ့ဆိုတော့ ၃ သန်းလောက်တော့ ရှိမှာပေါ့။ ဒါကတော့ ကျနော် Source နှစ်ခုပေါ့နော်။ တခြားရနိုင်ခြေကို ပြန်တွက်မယ်ဆိုရင်တော့ မြန်မာပြည်တပြည်လုံးရဲ့ ၂၀ ရာခိုင်နှုန်းနီးပါးလောက်တော့ Cover ဖြစ်နိုင်အောင်တော့ ရည်မှန်းထားတာပေါ့။”

မေး။ ဆရာအခုနပြောသလိုဆိုရင် တောင်ပိုင်းဒေသဖြစ်တဲ့ မွန်၊ ကရင်၊ ကရင်နီ အဲဒီဒေတွေမှာ ကာကွယ်ဆေး ဘယ်လောက်လောက် ရနိုင်မယ် ခန်းမှန်းပြောလို့ရလဲ။ 

ဖြေ။ ။ အဓိကကတော့ cross border ကို ဖြတ်နိုင်ဖို့ပဲဖြစ်တယ်ပေါ့။ ကျန်တဲ့ဆေးဝါးရရှိမှု အခြေအနေကတော့ အားလုံး ready ရှိပြီလို့ ပြောလို့ရနိုင်တယ်။ နောက်ပြင်ဆင်ဆောင်ရွက်ရတဲ့ တခြားသောလိုအပ်တဲ့ ပစ္စည်းပစ္စယတွေကလည်း တိုင်းရင်းသားနယ်မြေ ဒေသအလိုက် သူ့ဒေသနဲ့သူက ပြင်ဆင်မှုရှိထားပြီးသား၊ ရှိနေပြီလို့ ပြောလို့ရတာပေါ့။ ဒါကြောင့်မို့ အဓိကကတော့ cross border အတွက်ကို ထိုင်းဘက်က ဖြတ်လို့ရတာနဲ့တော့ ကျနော်တို့ အဲ့ဒါကိုတော့ အဆင်သင့်စနိုင်ပြီလို့ ပြောရမယ်ပေါ့နော်။

မေး။ ။ အမျိုးသားကျန်းမာရေးကော်မတီဖွဲ့စည်းမှုမှာ ဆရာတို့ လုပ်ငန်းစဉ်တွေ ချမှတ်ထားတယ်။ မူဝါဒါတွေ ချမှတ်ထားတယ်။ ဆိုတော့ လုပ်ငန်းစဉ်အားဖြင့် ဘယ်လောက်စနိုင်ပြီလို့ ပြောလို့ရမလဲ။ 

ဖြေ။ ။ “ကျနော်တို့ initial (ကနဦးအစ) အနေနဲ့ကတော့ တိုင်းရင်းသားနယ်မြေကို အစပျိုးပြီးတော့ ဆောင်ရွက်မယ်လို့တော့  initially  နှစ်ပတ်သုံးပတ်စနိုင်အောင်တော့ ကျနော်တို့က ဆိုင်းပြင်းနေပြီပေါ့။ ကျနော်တို့ ရန်ကုန်အခြေစိုက်ပဲ ဖြစ်ဖြစ် ကျနော်တို့ cross border base ပဲဖြစ်ဖြစ်ပေါ့။ ရန်ကုန် အခြေစိုက် လာရင်လည်း အခုန ပြောသလို တတိယအင်အားစုကနေဆင့် ကျနော်တို့ တိုင်းရင်းသားနယ်မြေအထိ ရောက်လာရင်တော့ ကျနော်တို့က ကိုယ်ဘာသာကိုယ် ဆေးထိုးနှံမှုအတွက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အဲဒီအတွက် နှစ်ပတ်သုံးပတ် မျှော်မှန်းထားတယ်၊ ဆိုသော်လည်း အခုန ပြောသလို အကန့်အသတ်တွေနဲ့  လုံခြုံရေးကအစပေါ့နော်၊ အကန့်အသတ်တွေ အများကြီးရှိတယ်။ သမားရိုးကျ အခြေအနေနဲ့တော့ ပြောရတာခက်တယ်။”

 “ကျနော်တို့ ထိုင်းဘက် ဘယ်လောက်ပဲ ညှိသည်ဖြစ်စေ၊ ဒီဘက်က အဆင့်သင့်ဖြစ်စေဦးတော့ တိုက်ပွဲအခြေအနေအရ၊ လုံခြုံရေးအခြေအနေအရ ဖြစ်ဖြစ် တကဏ္ဍ ရှိသလို ရန်ကုန်အခြေပြုတဲ့နေရာမှာ တတိယအင်အားစုက ဆောင်ရွက်လောက်ပြီးဖြစ်စေဦးတော့ အဲဒီနေရာမှာ ဆေးထိုးနှံသူတွေရဲ့ လုံခြုံရေးအရကော၊ ဆေးထိုးတဲ့သူတွေရဲ့ လုံခြုံရေးအရကော အဲဒီမှာ အကန့်အသတ်တွေ အများကြီးရှိတဲ့အတွက် သေချာတာတခုကတော့ ကျနော်တို့ မျှော်မှန်းထားတဲ့အတိုင်းတောင်မှ အများကြီးစိန်ခေါ်မှုတွေရှိနေတာ ကြိုပြီးတော့ အနိမ့်ဆုံးမျှော်မှန်းထားတဲ့ အခြေအနေမျိုးတောင်မှ ဖြစ်လာချင်မှ ဖြစ်လာမယ်ပေါ့။ ဒီကာကွယ်ဆေးနဲ့ပတ်သက်ရင်ပေါ့။ ဒါကြောင့် ကျနော်တို့ CTF အနေနဲ့ ကာကွယ်ဆေးတခုတည်းမဟုတ်ဘဲနဲ့ ကိုဗစ်-၁၉ ရဲ့ တုံ့ပြန်ဆောင်ရွက်မှုကတော့် ကုသပြုစုမှုနဲ့ တခြားသောပညာရေလုပ်ငန်းတွေ၊ ကာကွယ်မှုလုပ်ငန်းတွေ တပြိုင်နက်ဆောင်ရွက်နိုင်ဖို့လည်း ဒါကို မဟာဗျူဟာနဲ့ လုပ်ဆောင်နေတယ်။ တချို့ဟာတွေလည်း ကျနော်တို့စပြီးတော့ အောက်ဆီဂျင် Concentrators တွေကို နိုင်ငံတကာနဲ့ ဆက်စပ်ပြီး လက်ခံရယူ ဖြန့်ဖြူးတာတွေ၊ တခြားလိုအပ်တဲ့ဆေးဝါးတွေ၊ တခြားကုသမှုကအစ တပြိုင်နက် လုပ်ရမယ်ပေါ့နော်။ ဒါမျိုးတွေလည်း ကျနော်တို့ ပြင်ဆင် ဆောင်ရွက်နေပါတယ်။”

မေး။ ။အခု ဒီတောင်ပိုင်းဒေသတွေဖြစ်တဲ့ ကရင်ပြည်နယ်၊ ကယားပြည်နယ်တွေမှာဆိုရင် ဟိုးကျေးရွာတွေ တောင်ပေါ်ဒေသတွေအထိ ကိုဗစ်-၁၉ ကူးစက်မှုတွေ ရှိနေတယ်။ အဲဒီဒေသကလည်း သူတို့မျှော်လင့်ချက်ကလည်း NUG ကျန်းမာရေးကော်မတီဖြစ်စေ၊ CTF ပဲ ဖြစ်ဖြစ် ဒီကာကွယ်ဆေးကုသဆေးကို သူတို့ဆီ ဘယ်တော့လောက်ရောက်မလဲ  ဆိုတဲ့အမျှော်လင့်ချက် သူတို့မှာရှိတယ်။ အဲလိုလူတွေအတွက် ဆရာ့အနေနဲ့ ဘာပြောချင်လဲ။ 

ဖြေ။ ။ “ကျနော်တို့ အမြန်ဆုံးရအောင် ကြိုးစားနေပါတယ်လို့ပဲ ကနေဦးပြောချင်တယ်။ ဘာဖြစ်လဲဆိုတော့ cross border တခုတည်းမကဘူးပေါ့နော်။ ကျနော်တို့ ဝယ်နိုင်တဲ့ဆေးတွေ ရှိတယ်ဆိုရင်တော့ ကျနော်တို့ ဒေသခံ အာဏာပိုင်နဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်သွားပြီးတော့မှ ဖြတ်ခွင့်ရတဲ့ အတိုင်းအတာတခုအထိကိုလည်း ကျနော်တို့ ကြိုးစားပြီးတော့ ဆောင်ရွက်ပါမယ်ပေါ့နော်။ တရားဝင်မရနိုင်သေးတဲ့ အချိန်ကာလသည့်တိုင်အောင်ပေါ့။ ဒုတိယအချက်ကတော့ ကျနော်တို့ ဝယ်သည်ဖြစ်စေ လှူသည်ဖြစ်စေ၊ သယ်လာနိုင်တဲ့ ရန်ကုန်လေဆိပ်ကို ရောက်နိုင်တဲ့ဟာဆိုရင်လည်း ကျနော်တို့က တိုက်ရိုက်စီမံခန့်ခွဲတာကိုလည်း ကျနော်တို့လုပ်မှာဖြစ်ပါတယ်။ အခုန အခက်အခဲရှိလို့ ကျနော်တို့ ဒါကိုမလုပ်တော့ဘူးလို့ မဟုတ်ဘူး။ ကျနော်တို့ဒါကို  အခက်အခဲတွေကို ကျော်လွှားနိုင်တဲ့နည်းလမ်းနဲ့ စွန့်စားမှုကိုလည်း ကျနော်တို့ လုပ်ရမှာဖြစ်တဲ့အတွက် ဒါကို အမြန်ဆုံးရောက်အောင်တော့ လုပ်ပေးဆောင်ရွက်ပေးပါမယ်။ သို့သော် တခုရှိတာက ပြည်သူလူထုအားလုံးကိုတော့ ကျနော်တို့ တပြိုင်နက် ထိုးနိုင်လို့ မရမှာက သေချာတယ်။ နိုင်ငံတကာလည်း ထိုးနည်းလည်းကောင်းပဲ။  ပထမဦးစားပေး၊ ဒုတိယဦးစားပေးဆိုပြီး နိုင်ငံတကာက သတ်မှတ်ထားတဲ့ဆန္ဒနဲ့အညီပေါ့၊ ဥပမာအားဖြင့် အထိအတွေ့များတဲ့သူတွေ ကျန်းမာရေးဝန်ထမ်းတွေ၊ အသွားအလာများတဲ့လူတွေ ဝန်ဆောင်မှုအလုပ်ငန်းအရ အသွားအလာများတဲ့လူတွေ၊ ကားသမားတွေလိုမျိုး၊ လှေသမားတွေလိုမျိုး၊ လူထုတွေရဲ့ ကုန်သွယ်မှုနဲ့ စားဝတ်နေရေးကို ဝန်ဆောင်မှုလုပ်တဲ့သူတွေက ဒုတိယဖြစ်မယ်။ ကျန်တာ အသက်ကြီးတဲ့လူစသဖြင့်ပေါ့နော်။ အဲလိုမျိုးပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့က တဆင့်ပြီးတဆင့် တိုးချဲ့ထိုးနှံသွားမှာဖြစ်တယ်လို့ပဲ လူထုတွေ သိဖို့အတွက် ပဏာမ ပြောကြားလိုတယ်ပေါ့နော်။ ”

ကျေးဇူးတင်ပါတယ်။

PHOTO-KIC

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024