၂၇ ကြိမ်မြောက် ဆီဂိမ်းဖွင့်ပွဲ ကျင်းပ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို နေပြည်တော် ၀ဏ္ဏသိန္ဓိအားကစားကွင်းမှာ ဒီနေ့ ည ၆ နာရီ စတင် ဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားကို သမ္မတ ဦးသိန်းစိန်နဲ့ဇနီး၊ အစိုးရတာဝန်ရှိသူတွေ၊ နိုင်ငံအသီးသီးက ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားမှာ မြန်မာနိုင်ငံက နာမည်ကြီးအဆိုတော်တွေဖြစ်တဲ့ ဖြူဖြူကျော်သိန်း၊ ဇော်ဝင်းထွဋ်၊ နေနေ၊ ထူးအယ်လင်း၊ ဆုန်သင်းပါ၊ ဖြိုးကြီး၊ ယုဇန၊ မေခလာ၊ စောခူဆဲ အစရှိတဲ့ တေးသံရှင်တွေက တေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ ဆီးဂိမ်းပြိုင်ပွဲကို မြန်မာနိုင်ငံက ၁၉၅၉ ခုနှစ်ကတည်းက ၀င်ပြိုင်ခဲ့တာဖြစ်ပြီး အခုတကြိမ်နဲ့ပါဆို ၃ ကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီးဖြစ်ပါတယ်။ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ စုစုပေါင်း ရွှေတံဆိပ် ၄၆၀ ချီးမြှင့်မှာဖြစ်ပြီး မြန်မာအသင်းဟာ ဒီဇင်ဘာ ၁၁ ရက်နေ့အထိ ရွှေ ၁၈ ခု၊ ငွေ ၈၊ ကြေး ၁၀ ခု စုစုပေါင်း ဆု ၃၆ ခုနဲ့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ ဗီယက်နမ်အသင်းက ရွှေ ၁၀၊ ငွေ ၅၊ ကြေး ၇ ခု စုစုပေါင်း ဆု ၂၂ ခုနဲ့ ဒုတိယလိုက်နေပါတယ်။ ထိုင်းအသင်းက ရွှေ ၆၊ ငွေ ၁၀၊ ကြေး ၄ ခု စုစုပေါင်း ဆု ၂၀ ခုနဲ့တတိယလိုက်နေပြီး အင်ဒိုနီးရှားက ရွှေ ၅၊ ငွေ ၉၊ ကြေး ၁၀ ခု စုစုပေါင်း ဆု ၂၄ ခုနဲ့ စတုတ္ထ ရရှိနေပါတယ်။ အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၂၀၁၁ ခုနှစ် ၂၆ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာတော့ ထိုင်းအသင်းက ဆုတံဆိပ် စုစုပေါင်း ၂၆၆ ခုနဲ့ ဆုအများဆုံးရရှိခဲ့ပြီး မြန်မာကတော့ ဆုတံဆိပ် စုစုပေါင်း ၇၁ ခုနဲ့ နံပါတ် ၈ နေရာသာ ရရှိခဲ့ပါတယ်။ [gallery ids="48245,48246,48247,48248,48249,48250,48251,48252,48253,48254,48255,48256,48257,48258,48259,48260,48261"]

More News
Up