ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း) ဘက်မှာ ဩဂုတ် ၁၈ ရက်နေ့ ညနေပိုင်းက ရေကြီးလာတာကြောင့် တဲတွေ အမိုးလန်ပျက်စီးသွားပြီး စစ်ရှောင်တွေ အခက်အခဲ ကြုံနေကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ခုလောလောဆယ် ရေကြီးနေတယ်။ ဖိုင်ကောင်း ကောင်းစထီးရွာက စစ်ရှောင်တွေ။ ရေကြီးလာလို တဲတွေ ပါကုန်ပြီ။ ဒီကြားထဲ မိုးအရမ်းရွာလို့ ရေကြီးလာတာ။ ရေတွေ ဝင်ကုန်ပြီ။ ခါ့လျန်ရွာက စစ်ရှောင်တဲတွေမှာလည်း ရေစဝင်နေပြီ။ သူတို့ ဒီဘက်ကမ်းတောင် ကူးလာလို့ မရဘူး။ ဒီည ဘယ်လို ဘယ်နား အိပ်ရတော့မလဲ မသိဘူး။ မတတ်နိုင်တဲ့အဆုံး ရွာပဲ ပြန်အိပ် ရမှာပေါ့။"
ကောင်းစထီးရွာက တိမ်းရှောင်လာတဲ့ အိမ်ထောင်စု ၄၃ အိမ် လူဦးရေ ၂၃၀၊ ခါ့လျန်ရွာက အိမ်ထောင်စု ၅၆ အိမ်၊ လူဦးရေ ၂၈၀ ဦး တို့က တရုတ်နယ်စပ် ဝမ်တိန်ချောင်းနားမှာ အမိုးအကာ မလုံမခြုံ နဲ့ တဲထိုးကာ ယာယီတိမ်းရှောင် နေကြရတာ ဖြစ်ပါတယ်။
တရုတ်နယ်စပ်ဝမ်တိန် ချောင်းစပ်နား မိုးကာမိုး တဲထိုးနေထိုင်ရသူတွေက အရင် Camp အဟောင်းမှာ နာမည်စာရင်း မရှိသူတွေဖြစ်ပြီး ရွာနှစ်ရွာက စုစုပေါင်း အိမ်ခြေ ၉၉ အိမ်၊ လူဦးရေ ၅၁၀ ဦး ခိုလှုံနေတဲ့ တဲတွေထဲ ရေဝင်လာတဲ့အပြင် တချို့တဲတွေ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
လက်ရှိ အခြေအနေက ရွာနားမှာ ကိုးကန့် MNDAA တပ်ဖွဲ့တွေ ရှိနေပြီး အောက်ဘက် ပန်ဆိုင်း လမ်းဘက်မှာတော့ စစ်ကောင်စီတပ်တွေ နေတာကြောင့် အချိန်မရွေး တိုက်ပွဲထပ်ဖြစ်လာနိုင်တဲ့ အပြင် ရွာထဲမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကျည်တွေ ရှိနေတာကြောင့် ပြန်လို့မရသေးဘဲ စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။
Pra Jaw