စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း၊ ဖမ်းဆီး၊ ပစ်သတ်၊ မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတဲ့အတွက် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်အုပ်စု ကျေးရွာတွေနဲ့ ဆိပ်ခွန်အုပ်စု ကျေးရွာတွေက စစ်ဘေးရှောင်တွေ တိမ်းရှောင်နေကြရတာ ၁ လကျော်လာပြီဖြစ်တာကြောင့် အစားအသောက်နဲ့ကျန်းမာရေး အခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။
ကွန်ဆိပ်အုပ်စုက စစ်ရှောင် ၅၀၀၀ ကျော်နဲ့ ဆိပ်ခွန်အုပ်စုက စစ်ရှောင် ၂၀၀၀ ခန့်တို့ဟာ စားရေးနဲ့ ကျန်းမာရေးအတွက် အခက်အခဲကြုံနေရတယ်လို့ ပလိုင်းရွာသားတစ်ဦးက ပြောပါတယ်။
“စားဝတ်နေရေးက လာလှူတာလေးတွေ စားကြရတာ၊ လက်လှမ်းမီတဲ့ နေရာကတော့ မဆိုးဘူး။ တချို့လက်လှမ်းမမီတဲ့ နေရာတွေကတော့ ခက်ခက်ခဲခဲပေါ့။ အဓိက ကတော့ ကျန်းမာရေးပါပဲ။ နေမကောင်း ထိုင်မသာဖြစ်ကြရင် ဆေးထိုးစရာ ဆရာ မရှိဘူး။ ရှိတဲ့ နေရာလဲသွားပြီး ဆေးမထိုးရဲကြဘူးလေ၊ ရွာအတွင်းမှာ ကျန်ရစ်တဲ့ အသက် ၇၀ ကျော်အရွယ် အဘိုးအဘွားတွေလည်း ကျန်းမာရေးစောင့်ရှောက်မှုက နည်းပါး၊ စစ်တပ်က ညအချိန် ခြောက်လှန့် ပစ်ခတ်တာတွေလုပ်ဆိုတော့ စိတ်ဓာတ်ကျ ဖျားနာပြီး၊ ပလိုင်းတရွာတည်းကို တလအတွင်း ဘိုးဘွား ၂၀ လောက် သေသွားတယ်၊ သင်္ဂြိုဟ်ဖို့တောင် မိသားစုအစုံအလင် မရှိပါဘူးဗျာ” လို့ ပြောပါတယ်။
ဇူလိုင်လ ၁၈ ရက်နေ့ကစပြီး ပလိုင်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ ကွန်ဆိပ်အုပ်စုက ပလိုင်း၊ တက်တူ၊ ကန်သာ စတဲ့ ရွာတွေကို ဝင်ရောက်ကာ ရွာသားတွေကို ဖမ်းဆီးရိုက်နှက် စစ်ဆေးတာတွေလုပ်ခဲ့တဲ့အတွက် ဂုဏ်တန်ရွာသား အသက် ၄၀ အရွယ် ကိုနန်ဟာ စစ်ကြောရေးမှာ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဆိပ်ခွန်အုပ်စုအတွင်းက ကုလားကျောင်းကုန်း၊ ရှောက်ပင်ကုန်း စတဲ့ရွာတွေမှာလည်း စစ်တပ်က ဝင်ရောက်ဖမ်းဆီးတာတွေလုပ်နေလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ဒီနေ့မနက်ပိုင်းမှာလည်း ပလိုင်းရွာနဲ့နှစ်မိုင်ခန့်သာဝေးတဲ့ ငါးဆူကုန်းရွာကို စစ်ကောင်စီတပ်က ဝင်မွှေပြီး ဖမ်းမိတဲ့သူကို ငွေနှစ်သိန်းနဲ့ရွေးခိုင်းကာ မရွေးနိုင်သူကို ရိုက်နှက်ဆဲဆိုပြီး ပြန်လွှတ်ထားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။