မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်ထဲမှာ သြဂုတ် ၁၈ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီ တပ်တွေ အင်အားအလုံးအရင်းနဲ့ ဝင်မွှေပြီး တောင်သူအချို့ကို ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒီကနေ့မနက်ပိုင်း ကား ၁၅ စီးလောက်နဲ့ စစ်ကောင်စီတပ်က အင်အားအများအပြားသုံးပြီး ဂန့်ဂေါ-ကလေး ကားလမ်းတစ်လျှောက်မှာ တောနင်းရှာဖွေတာတွေ၊ ကျေးရွာတွေကို ဝင်မွှေတာတွေပြုလုပ်နေတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
ထှယ်လှော်ကျေးရွာမှာ မနက် ၁၀ နာရီလောက်က နှမ်းရိတ်တောင်သူ ၆ ယောက်ကို ဖမ်းဆီးထားပြီး သေနတ်သံတွေ ဆက်တိုက်ကြားနေရတာကြောင့် သူတို့နဲ့ပတ်သက်တဲ့ အခြေနေကို မသိရသေးဘူးလို့ ဆိုပါတယ်။
ဒေသခံ YDF၊ PDF တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ နှစ်ဖက်ထိပ်တိုက် အပြန်အလှန်တိုက်ပွဲ ဖြစ်တာမျိုးတော့ မကြားရဲဘဲ ရွာတွေကိုဝင်မွှေတာကြောင့် ကျေးရွာ ၈ ရွာလောက်က ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။