Home
ဆောင်းပါး
မြို့ပြပြောက်ကျားတိုက်ပွဲရဲ့ စံနမူနာ
DVB
·
August 18, 2021

သြဂုတ် ၁၄ ရက် ညနေ ၅ နာရီခွဲအချိန်က ရန်ကုန်ဘူတာကြီးက အင်းစိန်ဘူတာဘက်ကို ထွက်ခွာလာတဲ့ မြို့ပတ်ရထားပေါ်မှာ လုံခြုံရေးတာဝန်ယူလိုက်ပါလာတဲ့ ရဲ ၆ ယောက်ကို အလုံလမ်း ဘူတာအလွန်မှာ လူတစုက သေနတ်နဲ့ စီးနင်းတိုက်ခိုက်လိုက်ပါတယ်။ လုံခြုံရေးရဲ ၆ ဦးအနက် ၄ ဦး ပွဲချင်းပြီးနေရာတင် သေဆုံးပြီး ဒဏ်ရာပြင်းထန်တဲ့ ရဲတပ်သား ၂ ဦးကိုတော့ မင်္ဂလာဒုံ ခုတင်တထောင် စစ်ဆေးရုံကို တင်လိုက်ရပြီး လုံခြုံရေးရဲတပ်သားတွေထံက သေနတ် ၄ လက်ကိုလည်း သိမ်းဆည်းရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပွဲနောက်ပိုင်းမှာ ကြိုကြားပေါ်ပေါက်ခဲ့တဲ့ မြို့ပြတိုက်ပွဲတွေမှာ ဒီတိုက်ပွဲဟာ အထိရောက်ဆုံး၊ ပိရိသေသပ်မှုအရှိဆုံးနဲ့ အကျိုးအမြတ်အများဆုံး တိုက်ပွဲတပွဲအဖြစ် စံပြုဂုဏ်ယူကြရမယ့်တိုက်ပွဲ ဖြစ်ပါတယ်။ မြို့ပြတိုက်ပွဲဝင်မယ့် အဖွဲ့တွေအနေနဲ့ လေ့လာအတုယူသင့်တဲ့ တိုက်ပွဲတပွဲလည်း ဖြစ်ပါတယ်။ ဒီအဖွဲ့မျိုးကိုလည်း NUG အစိုးရအဖွဲ့အနေနဲ့ “အောင်ဆန်းခွပ်ဒေါင်း” လို ဘွဲ့တံဆိပ်မျိုးတောင် ဂုဏ်ပြုချီးမြှင့်သင့်ပါတယ်။

ညနေ ၅ နာရီခွဲ၊ အင်းစိန်ပြန်တဲ့ မြို့ပတ်ရထားဆိုတာ အကြမ်းအားဖြင့် ခရီးသွားပြည်သူတွေ စီးနင်းလိုက်ပါမှုများတဲ့ လမ်းကြောင်းတကြောင်းပါ။ ဒီလမ်းကြောင်းပေါ် လှုပ်ရှားတိုက်ခိုက်ရာမှာ ပြည်သူတဦးတယောက်မျှ ထိခိုက်ဒဏ်ရာမရဘူးဆိုတာ ကောင်းမွန်သပ်ရပ်တဲ့ စီမံခန့်ခွဲမှုကြောင့်ပါ။ ဒါ့အပြင် ရထားနောက်ဆုံးတွဲမှာ လုံခြုံရေးရဲတွေနဲ့ အနီးကပ်လိုက်ပါရလေ့ရှိတဲ့ ရထားထိန်း ဂါတ်ဗိုလ်ကိုတောင် သေနတ်နှင့် တေ့ချိန်ထားရုံမှအပ ဘာမှ ထိခိုက်ဒဏ်ရာရမှု မဖြစ်စေခဲ့ဘူး ဆိုတာကလည်း အလွန်စနစ်ကျတဲ့ အစီအမံတရပ်ပါပဲ။

လူမှုကွန်ရက်ပေါ် တက်လာတဲ့ မှတ်တမ်းပါ ဓာတ်ပုံတွေအရ ရထားကြမ်းပြင်ပေါ်က သွေးအိုင်ထဲ အတုံးအရုံး လဲနေတဲ့ ရဲတွေရဲ့ ပုံအောက်က မှတ်ချက်တွေထဲမှာလည်း ပြည်သူတွေက လှိုက်လှဲသြဘာပေးထားကြပါတယ်။ ပြည်သူတွေရဲ့ မျက်လုံးထဲမှာ CDM လှုပ်ရှားမှုအတွင်း လုံခြုံရေးရဲလက်ချက်နှင့် အသက်ပေးခဲ့တဲ့ အာဇာနည်လူငယ်တွေရဲ့ သွေးသံရဲရဲအလောင်းတွေကို စစ်သားတွေ ဆွဲသွားတာ မြင်ယောင်နေဆဲပါ။

ကနီဒေသခံပြည်သူတွေရဲ့ ရုပ်ဆင်းပျက်နေတဲ့ အလောင်း ၄၀ ကျော် မျက်လုံးထဲက မထွက်နိုင်သေးတဲ့ ပြည်သူတွေရဲ့ ရင်ထဲမှာ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေအပေါ် စာနာနားလည်စိတ်မထားနိုင်တဲ့အပြင် နာကြည်းစိတ်တွေ ဝင်နေကြပါပြီ။

သြဂုတ် ၁၉ ရက်နေ့က စကစ အဖွဲ့ဝင်တွေရဲ့ ဝင်ရောက်ဖမ်းဆီးမှုကြောင့် လုံခြုံရေးအဖွဲ့ဝင်တွေရဲ့ သတ်ဖြတ်မှုခံမယ့်အစား ကိုယ့်ဟာကိုယ် အသေခံမယ်ဆိုတဲ့ ပိုင်းဖြတ်ချက်နှင့် ၄၄ လမ်း ၄ လွှာကနေ ပြိုင်တူခုန်ချရဲတဲ့ လူငယ် ၅ ယောက်ရဲ့ စိတ်ဓာတ်က တကမ္ဘာလုံးက ပြည်သူတွေရဲ့ရင်ကို စူးနစ်လှုပ်ခါစေခဲ့သလို စကစ လုံခြုံရေးအဖွဲ့တွေကိုလည်း တုန်လှုပ်ချောက်ချားစေခဲ့ပါတယ်။ စကစ လက်အောက်မှာ ဒူးမထောက်ဘူးဆိုတဲ့ ပိုင်းဖြတ်ချက်နဲ့ သတ္တိကို အသက်နှင့်ရင်းရဲတဲ့ ဒီလူငယ်တွေရဲ့ စွန့်လွှတ်မှုဟာ အချည်းနှီးမဖြစ်ခဲ့ပါဘူး။ လူငယ်ထုတရပ်လုံးရဲ့ ရင်ထဲမှာ စွန့်လွှတ်တန်ဖိုးပေးရဲတဲ့ စိတ်တွေ ဝေစည်ပျံ့နှံ့ခဲ့ပြီး သွေးကြွေးဆပ်ဖို့ မပြတ်ကြံစည် ကြိုးပမ်းနေကြပါပြီ။ မြို့ပတ်ရထားပေါ်က တိုက်ခိုက်မှုဟာ ဒီလူငယ်တွေအတွက် သွေးကြွေးဆပ်မှု တမျိုးပါပဲ။  

ဖေဖော်ဝါရီ ၁ ရက် စကစ အာဏာသိမ်းပွဲနောက်ပိုင်း CDM လှုပ်ရှားမှုတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက် ဖမ်းဆီး ထောင်ချ သတ်ဖြတ်လာချိန်မှာ လူထုရဲ့ ခုခံရေးတိုက်ပွဲတွေ သဘာဝကျစွာ ပေါ်ပေါက်လာခဲ့ပါပြီ။ မြို့ကြီးပြကြီးတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေကို ပစ်ခတ်တိုက်ခိုက်မှု၊ ဗုံးပေါက်ခွဲမှုတွေ နေရာအနှံ့အပြား နေ့စဉ်နဲ့အမျှ ကြားနေကြရပါတယ်။

တချိန်တည်းမှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စီးနင်းဖမ်းဆီး သတ်ဖြတ်မှုတွေကိုလည်း ရင်ဆိုင်လာကြရပါတယ်။ ဒီလိုစီးနင်းတိုက်ခိုက် သတ်ဖြတ်ခံရတာ၊ ဒလျှိုဒလန်တွေရဲ့ သတင်းပေးမှုကြောင့် ဖြစ်နိုင်သလို မြို့ပြပြောက်ကျားတွေရဲ့ သတင်းမလုံခြုံမှု သတင်းပေါက်ကြားမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။  

တကယ်တော့ မြို့ပြပြောက်ကျားဆိုတာ ရန်သူ့အသည်းနှလုံးနေရာဖြစ်တဲ့ မြို့ကြီးပြကြီးတွေမှာ လှုပ်ရှားတိုက်ခိုက်ရတဲ့ မြေအောက်တော်လှန်ရေးသမားတွေပါ။ မြေအောက်လှုပ်ရှားမှု စည်းမျဉ်းစည်းကမ်းတွေကို တင်းတင်းကျပ်ကျပ် လိုက်နာရပါမယ်။ မြို့ပြပြောက်ကျားအဖွဲ့အနေနဲ့ လှုပ်ရှားရေးအစီအစဉ်မရှိရင် မစုဖွဲ့ရပါဘူး။ စုဖွဲ့ပြီဆိုရင်လည်း အနည်းဆုံး ၃ ဦးကနေ အများဆုံး ၅ ဦးထက် မပိုသင့်ပါဘူး။ အလျင်အမြန်စုဖွဲ့ အလျင်အမြန် ဖြန့်ခွဲနိုင်ရပါမယ်။ ဆက်သွယ်မှုစနစ်ကလည်း လှေကားပုံ တဦးချင်း အဆင့်ဆင့် (Vertical) စနစ်ဖြစ်ပြီး အပြန့်ကြီး အလျားလိုက် (Horizontal) ဆက်သွယ်မှုမဖြစ်ရပါဘူး။ ပုံမှန်စုရပ် မသတ်မှတ်သင့်ဘဲ လှုပ်ရှားပြောင်းလဲနေတဲ့ စုရပ်မျိုးပဲ ဖြစ်သင့်ပါတယ်။

ပြောက်ကျားအဖွဲ့ဝင်တဦးအနေနဲ့ သာမန်အားဖြင့် ပုံမှန်မိသားစုနဲ့ ပူးတွဲနေထိုင်သင့်ပြီး ပြောက်ကျားအဖွဲ့ဝင် အချင်းချင်း စုဖွဲ့နေထိုင်မှု လုံးဝမပြုသင့်ပါ။ အရေးကြီးဆုံးမှာ ပြင်ဆင်မှုကောင်းရန်ဖြစ်ပြီး ထိုသို့ ပြင်ဆင်မှုကောင်းရန် ပစ်ကွင်းကို အချိန်ယူလေ့လာ ရှာဖွေရန် လိုအပ်ပါလိမ့်မည်။ ပျော့ညံ့မှု အားအနည်းဆုံး ရန်သူကို အထိရောက်ဆုံး ချေမှုန်း တိုက်ခိုက်နိုင်ရန် ကြိုးပမ်းကြရပါမည်။

မြို့ပတ်ရထားလုံခြုံရေးတပ်ဖွဲ့ စီးနင်းတိုက်ခိုက်မှုပုံစံသည် စနစ်ကျထိရောက်သည့်၊ စံပြုရမယ့် မြို့ပြပြောက်ကျား တိုက်သဏ္ဌာန် အမှန်ပဲ ဖြစ်ပါတယ်။

မင်းရဲကျော်စွာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024