မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၊ တောင်ပြင် ၁ ရပ်ကွက်၊ အောင်သပြေလမ်းမှာနေထိုင်တဲ့ NLD ပါတီကို အားပေးထောက်ခံတဲ့ မိသားစုကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကိုအောင်မျိုးသန့် (ခေါ်) ကိုညှပ်စိ၊ ဇနီး မစပယ်ဌေး နဲ့ သား၊ သမီးတွေကို သြဂုတ် ၁၇ ရက်နေ့ ညနေ ၄ ခွဲဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်တွေက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အိမ်စီးကားအဖြူလေးနဲ့ အရပ်ဝတ်တွေနဲ့လာပြီး ရိုက်ပုတ်ပြီးဖမ်းခေါ်သွားတာ။ တမိသားစုလုံးပါသွားတယ်။ ဘယ်ကိုခေါ်သွားလည်း မသိသေးဘူး။”
ကိုအောင်မျိုးသန့်တို့ လင်မယားအပြင် ၁၃ နှစ်ဝန်းကျင် သမီး ၁ ယောက်နဲ့ ၁၁ နှစ်ဝန်းကျင် သား ၁ ယောက်တို့ကိုလည်း ခေါ်သွားတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
မိသားစုနဲ့နီးစပ်သူတဦးက “ကျန်ခဲ့တဲ့ရက်အနည်းငယ်က စစ်ဗိုလ်တစ်ယောက်ရဲ့မိန်းမနဲ့ ဖေ့ဘွတ်ခ်ပေါ်ကနေ အကြီးအကျယ်စကားများကြတယ်။ အဲ့တာကြောင့် တမင်ချောက်တွန်းခံရပြီး အဖမ်းခံရတာဖြစ်နိုင်တယ်။ ဖမ်းခေါ်သွားပြီးသိပ်မကြာဘူး၊ သူတို့ရဲ့ဖုန်းတွေကို နောက်တခေါက် ပြန်လာယူသွားတယ်'' လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူ ကိုအောင်မျိုးသန့်တို့မိသားစုဟာ NLD ပါတီကို အားပေးထောက်ခံသူတွေဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။