ပြည်တွင်းဘဏ်အရာရှိများကို အိုင်အက်ဖ်စီက သင်တန်းပေး
DVB
·
December 11, 2013
မြန်မာနိုင်ငံထဲက ပို့ကုန်နဲ့ သွင်းကုန် လုပ်နေတဲ့ လုပ်ငန်းရှင်တွေကို ဘဏ်နဲ့ ကုန်သွယ်မှုဆိုင်ရာ ငွေရေးကြေးရေးလုပ်ငန်းတွေမှာ လက်ရှိထက် တိုးပြီး ၀န်ဆောင်မှု ပေးနိုင်ဖို့အတွက် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (အိုင်အက်ဖ်စီ) ကနေ ပြည်တွင်း ဘဏ်တာဝန်ရှိသူတွေကို သင်တန်းပေးနေတယ်လို့ ကမ္ဘောဇဘဏ်ရဲ့ တာဝန်ရှိသူတယောက်က ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။
ဒီဇင်ဘာ ၉ ရက်နေ့ကစ ပေးတဲ့ အဲဒီ သင်တန်းမှာ ပြည်တွင်းဘဏ် ၁၂ ခုက ဘဏ်အရာရှိတွေ တက်ရောက်နေကြပြီး သင်တန်းကာလ ၅ ရက်အတွင်း နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ အကြောင်းအရာတွေကို အဓိကထား သင်ကြားပေးနေပါတယ်။
သင်တန်း ဦးတည်ချက်ဟာ နိုင်ငံတကာကုန်သွယ်မှုတင်မက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေကို ငွေကြေးဝန်ဆောင်မှု ပိုပေးနိုင်စေရေးကိုလည်း ရည်ရွယ် တယ်လို့ သိရပါတယ်။