ဘုတလင်မြို့နယ်အတွင်း ကျောက်ပုံတောရ ဘုန်းကြီးကျောင်းအတွင်း ပစ္စည်းတွေကို စစ်ကောင်စီတပ်တွေက ဩဂုတ် ၁၇ ရက်နေ့မနက်ပိုင်းမှာ ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံရွာသားတစ်ဦးက “မနေ့ ဩဂုတ် ၁၆ ရက်နေ့က ကျွန်တော်တို့ကျောက်ပုံတောကျောင်းတိုက်အတွင်း ကျောင်းထိုင်ဘုန်းတော်ကြီးရဲ့ ခွင့်ပြုချက်မရှိဘဲ ညအိပ် တပ်စွဲတယ်။ ကျောင်းက ကြိုးဆွဲမီးစက် မီးရှို့ဖျက်ဆီးတယ်။ ဗီရိုအတွင်းက ပစ္စည်းတွေကို မွှေနှောက်ဖျက်ဆီးတာတွေ လုပ်သွားတယ်ဗျာ။ အခုလို ဘုရားကျောင်းကန်ပစ္စည်းကို မင်းမဲ့စရိုက်ဆန်ဆန် ရမ်းကားသွားတာ လုံးဝမကောင်းဘူး”လို့ ပြောပါတယ်။
ဘုတလင်မြို့နယ် ကျောပုံတောရကျောင်းက ပစ္စည်းတွေ ဖျက်ဆီးသွားတဲ့ စစ်ကောင်စီတပ်တွေဟာ ဩဂုတ် ၁၇ ရက်နေ့မှာလည်း ကနီမြို့နယ်ဘက်ကို သွားရောက်ပြီး ရှာဖွေဖျက်ဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။