ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်း (အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်- ဩရိဿတောင်ပိုင်းကမ်းခြေ)တို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိနေတယ်လို့ မိုးဇလဌာနက ဩဂုတ် ၁၇ ရက် မနက်မှာ ထုတ်ပြန်ပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး ယနေ့ညနေအထိခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ နေရာကွက် မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။
မြန်မာ့ပင်လယ်ပြင်၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းကျပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ဆိုပါတယ်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၇ ပေမှ ၁၀ ပေခန့် ရှိနိုင်တယ်လို့ မိုးဇလက ခန့်မှန်းပါတယ်။
Photo-မိုးဇလ