Home
မြန်မာသတင်း
မြန်မာနိုင်ငံ လျှပ်စစ်မီးရရန် အေဒီဘီက ဒေါ်လာ သန်း ၆၀ ချေးငွေကူမည်
DVB
·
December 11, 2013
မြန်မာနိုင်ငံရဲ့ လျှပ်စစ်စွမ်းအားဖြန့်ဖြူးရေးကဏ္ဍကို ပြန်လည်ထူထောင်ဖို့အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အမေရိကန်ဒေါ်လာ  သန်း ၆၀ မြန်မာနိုင်ငံကို ချေးငွေ အကူအညီပေးမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ ဒီအကူအညီငွေတွေနဲ့ မြန်မာနိုင်ငံ ဒေသ ၄ ခုက အိမ်ထောင်စုပေါင်း ၄ သိန်း ၈ သောင်းလောက်ကို နေ့စဉ်လျှပ်စစ်ဓာတ်အား သုံးစွဲမှုတွေမှာ ပိုပြီး ကောင်းကောင်း ရရှိအောင် အထောက်အကူ ပြုပေးနိုင်မယ်လို့ အေဒီဘီ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။ ADBbankအေဒီဘီ ဘဏ်ရဲ့ ဒုဥက္ကဋ္ဌ စတီဖှန် ဂရော့ဖ်က “လျှပ်စစ်မီး ရရှိဖို့ဟာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါလွန်းပါတယ်။ လက်ရှိ ရှိနေဆဲ လျှပ်စစ်ဓာတ်အား အခြေခံအဆောက်အဦကို ပြင်ဆင်ခြင်းနဲ့ ခိုင်မာအားကောင်းစေခြင်းဟာ စနစ်ပျက်ယွင်းမှုတွေကို လျှော့ချပေးပြီး လျှပ်စစ်ဓာတ်အား အရင်းအမြစ်တွေကို ပိုပြီး ထိထိရောက်ရောက် အသုံးချနိုင်အောင်နဲ့ လျှပ်စစ်ဓာတ်အားကွန်ရက်နဲ့ လူတွေကို ပိုပြီးမြန်မြန် ချိတ်ဆက်နိုင်ဖို့ ကူညီပေးနိုင်မှာပါ” လို့  အေဒီဘီ ၀က်ဆိုက်မှာ  ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ သက်တမ်းအိုမင်းနေပြီဖြစ်တဲ့ လျှပ်စစ်ဖြန့်ဖြူးရေးစနစ်မှ နည်းပညာအရ ဆုံးရှုံးမှုတွေရော၊ နည်းပညာနဲ့ မဆိုင်တဲ့  ဓာတ်အားဆုံးရှုံးမှုတွေဟာ ၂၀၁၂ ခုနှစ်မှာ ၁၈.၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။ အဲဒါဟာ လျှပ်စစ်ဓာတ်အား သုံးစွဲမယ့်သူတွေဆီ မရောက်ခင်မှာပဲ လျှပ်စစ် လည်ပတ်စွမ်းအားရဲ့ ၅ ပုံ ၁ ပုံလောက်နီးပါး လေလွင့်ဆုံးရှုံးနေတဲ့ သဘောဖြစ်တာပါ။ အေဒီဘီရဲ့ချေးငွေဟာ လက်ရှိ ရှိနေဆဲ ၆၆/၁၁ ကီလိုဗို့ နဲ့ ၃၃/၁၁ ကီလိုဗို့ ဓာတ်အားပေး စက်ရုံခွဲတွေကို အဆင့်မြှင့်ဖို့၊ ရှိပြီးသား ၃၃ ကီလိုဗို့နဲ့ ၁၁ ကီလိုဗို့ ဓာတ်အားပေးလိုင်းတွေကို အစားထိုးဖို့၊ ၁၁/၀.၄ ကီလိုဗို့ ထရန်စဖှော်မာတွေကို အစားထိုးဖို့နဲ့ ဒစ်ဂျစ်တယ် လျှပ်စစ်မီတာ အခွန်ဆောင်မှုကို အဆင့်မြှင့်ဖို့တွေ အပါအ၀င် လျှပ်စစ်ဓာတ်အားကို ပိုပြီး ထိထိရောက်ရောက် သယ်ယူရရှိအောင် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ငွေကြေးပိုင်း အထောက်အကူ ပြုပါလိမ့်မယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ရှိနှင့်ပြီးသား လျှပ်စီးကာမယ့် ဓာတ်အားနိမ့် ဖြန့်ဖြူးရေးကြိုးတွေ နေရာမှာ ပိုပြီး အကျိုးရှိ ထိရောက်တဲ့ လျှပ်စီးကာ ကောင်းကင်ကြိုးလိုင်း ဓာတ်တိုင်တွေနဲ့ အစားထိုးဖို့လည်း ကူညီပေးမှာပါ။ ဒီစီမံကိန်းဟာ ဓာတ်အားဖြန့်ဖြူးမှု ဆုံးရှုံးခြင်းကို ၄ ရာခိုင်နှုန်းလောက် လျှော့ချပေးနိုင်ပါလိမ့်မယ်။ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးဒေသတွေမှာ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရင် နည်းစနစ်ပိုင်း ဆုံးရှုံးမှုတွေကို လျှော့ချပေးနိုင်မှာဖြစ်ပြီး နောက်ပိုင်းကျရင်လည်း စက်ရုံကြီးတွေ၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေက သူတို့လုပ်ငန်းတွေကို ပိုမိုချဲ့ထွင်နိုင်မယ့် အခွင့်အလမ်းတွေ တိုးတက်ရရှိစေဖို့ ဖြည့်ဆည်းပေးနိုင်မယ်လို့လည်း ရည်မှန်းထားတာပါ။ ဒါ့ပြင် လျပ်စစ်ဓာတ်အားပိုမိုသုံးစွဲနိုင်လာတာနဲ့ အမျှ လူနေမှုအခြေအနေ မြင့်တက်လာပြီး စီးပွားရေးဖွံ့ဖြိုးမှုနဲ့ ဆင်းရဲမှုလျှော့ချဖို့ အထောက်အကူ ပြုပေးမယ့် ဆေးခန်းတွေ၊ စာသင်ကျောင်းတွေလို လူမှုအဆောက်အဦတွေမှာ ဆောင်ရွက်ချက်တွေ တိုးတက်လာမယ်လို့လည်း အေဒီဘီက မျှော်လင့်နေပါတယ်။ မြန်မာနိုင်ငံမှာ တနိုင်ငံလုံး လျှပ်စစ်ဓာတ်အား သုံးစွဲတဲ့နှုန်းကလည်း တိုးတက်များပြားလာပြီး ၂၀၀၆ ခုနှစ်က ၁၆ ရာခိုင်နှုန်းကနေ ၂၀၁၂ ခုနှစ်မှာ ၂၈ ရာခိုင်နှုန်းထိ များပြားလာတာပါ။ ရန်ကုန်မြို့တော်ဟာ လျှပ်စစ်ဓာတ်အား သုံးစွဲမှု ၇၂ % နဲ့ အများဆုံးဖြစ်ပြီး နေပြည်တော်က ၆၅ ရာခိုင်နှုန်း၊ မန္တလေးကတော့ ၃၅ ရာခိုင်နှုန်း ဓာတ်အားသုံးစွဲမှု ရှိနေပါတယ်။ ကျေးလက်မှာတေ့ အိမ်ထောင်စု ၅ စုမှာ တစ်အိမ်လောက်ကပဲ လျှပ်စစ်သုံးစွဲရတာ ဖြစ်ပါတယ်။ ဒါ့ပြင် တိုင်းရင်းသားဒေသတွေ အပါအ၀င်   မြန်မာနိုင်ငံတ၀ှမ်း ကျေးလက်ဒေသတွေ အတော်များများမှာလည်း  လျှပ်စစ်မီး မရသေးဘဲရှိနေသေးပြီး နိုင်ငံတကာ အကူအညီတွေ ပိုမိုလိုအပ်နေတာလည်းဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024