စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့၊ ဒေါင့်ကြီးရွာအနီးမှာ ဩဂုတ်လ ၁၆ ရက် မနက် ၉ နာရီခန့်လောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စီးလာတဲ့ အိမ်စီးကား ၂ စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့ (TPC) က ထုတ်ပြန်ထားပါတယ်။
ဒေါင့်ကြီးရွာ ရွာအဝင်ဆိုင်းဘုတ် အနောက်ဘက်နားမှာ စစ်ကား ၂ စီးကို ဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးဒဏ်ရာရသူတွေ များနိုင်တယ်လို့ ဆိုပါတယ်။
မြို့ခံတစ်ဦးက “မနက်ကတော့ မြို့ပေါ်ကလူမှုကူညီရေးကားတွေ တော်တော်များများသွားတာ တွေ့လိုက်တယ်။ အထိအခိုက် အကျအဆုံး များလောက်တယ်ဗျ။ ဘယ်နှဦးသေတယ်ဆိုတာတော့ မသိရသေးဘူး။ လွန်ခဲ့တဲ့ တလလောက်က ဒလန်အိမ် ဗုံးခွဲခံရတဲ့ကိစ္စနဲ့ သွားကြတဲ့ စစ်ကားနှစ်စီး (အိမ်စီးကား) မိုင်းခွဲခံရတာ” လို့ ပြောပါတယ်။
နာရီပိုင်းအတွင်းမှာပဲ မြို့ပေါ်က စစ်ကောင်စီတပ်တွေကို ကူညီထောက်ပံ့မှုပေးနေသူ တစ်ဦးလည်း သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
မိုင်းခွဲတိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေဟာ အကုက္ကား ရွာလယ်လမ်းမပေါ်ကနေပြီး လမ်းသွားလမ်းလာတွေကို တားဆီး စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။