စစ်ကောင်စီက ဖွင့်လှစ်ခဲ့တဲ့ တက္ကသိုလ် မဟာတန်း၊ စတုတ္ထနှစ်နဲ့ ဂုဏ်ထူးတန်းတွေရဲ့ အောင်စာရင်းတွေကို ထုတ်ပြန်ရာမှာ မအောင်မနေရစနစ်နဲ့ အောင်စာရင်း ထုတ်ပြန်ခိုင်း ခဲ့တယ်လို့ ကျောက်ဆည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ပြောပါတယ်။
လက်ရှိစစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေဆီက အတွင်းသတင်းရထားတာဖြစ်ပြီး ဘွဲ့သင်တန်းအသီသီး တက်ရောက်ခဲ့ကြတဲ့ ကျောင်းသားတွေရဲ့ အောင်စာရင်းထုတ်ပြန်ခဲ့ရာမှာ အောင်မှတ်ဖိုးတောင် အပြည့်မဖြေထားတဲ့ အဖြေလွှာတွေကိုလည်း အအောင်ပေးထားတာတွေ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် Non CDM ပါမောက္ခတွေ၊ ဌာနမှူးတွေ၊ ပါမောက္ခတွေ၊ ကထိကတွေ၊ နည်းပြသရုပ်ပြတွေဟာလည်း အောင်စာရင်းရလဒ် ထုတ်ပြန်မှုအပေါ် အဂတိလိုက်စားမှုတွေ ရှိနိုင်တယ်လို့ ကျောက်ဆည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက သုံးသပ်ထားပါသေးတယ်။
ကျောက်ဆည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ တာဝန်ရှိသူတစ်ဦးက "စာရင်းအမှားတွေ များတယ် အောင်စာရင်းထဲ လူများအောင် ထည့်ထားတာထင်တယ်။ တစ်နှစ်ကျပြီးသား စတုတ္ထနှစ် ကျောင်းသားတချို့ဆို ပထမနှစ်ဝက်တုန်းက နှစ်ဘာသာကျထားပြီး ဒုတိယနှစ်ဝက်မှာ ကျောင်းသွားမတက်တာတောင် အောင်စာရင်းမှာပါလာတယ်။ ဂုဏ်ထူးတန်းတွေဆိုလဲ ဒုတိယနှစ်ဝက်မှာ ကျမ်းတင်ဖို့ကျန်နေသေးတယ်။ ဒါပေမဲ့ အအောင်ပေးထားတယ်။ အခုက CDM ကျောင်းသား ရင်းနှီးသူတချို့ဆီက သိထားရသလောက်ပါ။ အအောင်ပေးတော့လည်း ပုံစံတူကို အကုန်မပေးဘူး။ ကွက်ပြီးပေးတယ်။ '' လို့ ပြောပြပါတယ်။
ကျောက်ဆည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအနေနဲ့ စစ်ကောင်စီကထုတ်ပြန်ထားတဲ့ အောင်စာရင်းအားလုံးကို လုံးဝအသိအမှတ်ပြုမှာမဟုတ်ကြောင်းနဲ့ ဒီမိုကရေစီလမ်းမှာ CDM ကျောင်းသားတွေအဖြစ်နဲ့ ရဲရဲဝံ့ဝံ့လျှောက်လှမ်းနေတဲ့ ကျောင်းသားထုဘက်က ရပ်တည်သွားမယ်လို့ သြဂုတ် ၁၅ ရက်က ထုတ်ပြန်ထားပါတယ်။