စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နတ်နန်းကျေးရွာမှာ မြို့နယ်ဌာနပေါင်းစုံ ပူးပေါင်းဖွင့်တဲ့ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်က ပိုး ရှိ၊မရှိ Test kits နဲ့ အမြန် စစ်ဆေးကာ ငွေအဆမတန် တောင်းခံနေ တယ်လို့ နတ်နန်းရွာသားတွေက ပြောပါတယ်။
“နတ်နန်းရွာ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်မှာ နှာခေါင်းတို့ဖတ်၊ ၊Test Kits နဲ့အစစ်ခံရ တယ်။ မစစ်ချင်လည်း အတင်းအကျပ် စစ်ခိုင်းတယ်။ ခရီးသွားတွေ မစစ်ချင်တာက တစ်ခါစစ် ၂ သောင်းခွဲ တောင်းတာကြောင့်” လို့ နတ်နန်းဂိတ်မှာ အစစ်ခံပြီး ငွေပေးဆောင်ခဲ့ရတဲ့သူ တစ်ဦးကပြောပါတယ်။
လတ်တလော နတ်နန်းဂိတ်ကို ရှောင်သွားလို့ မရတဲ့အတွက် ဒေသခံတွေ ဒုက္ခရောက်နေပြီး ဂိတ်က ဖြတ်သန်းသွားလာသူတွေ ဆေးစစ်ချင်ချင် မစစ်ချင်ချင် တစ်ယောက် ကျပ် ၂ သောင်းခွဲပေးရကြောင်း၊ ရွာနားက ဆိုင်းကယ်သမားတွေဆိုလည်း ထောက်ချက် မပါပါက ဒဏ်ငွေ ကျပ် ၅၀၀၀ ဆောင်ခိုင်းတယ်လို့ သူက ဆက်ပြောပါတယ်။
အခုလိုကာယကံရှင် ဆန္ဒမပါဘဲ အတင်းအကျပ်ပြုလုပ်နေတဲ့ နတ်နန်းရွာ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်မှာ နတ်နန်းစျေးတန်း၊ ပင်းဖာဖာ၊ မှိုတောက်၊ ဝေဟင်ကကျေးရွာတွေက ဒေသခံတွေ လာရောက် စောင့်ပေးကြရပြီး ဂိတ်မစောင့်နိုင်တဲ့ မိသားစုကိုလည်း မြို့နယ်တာဝန်ရှိ သူတွေက ဒဏ်ကြေးဆောင်ခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။