ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်ထဲက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေအနား ဩဂုတ် ၁၅ ရက် မနက် ၄ နာရီ လောက်က ပေါက်ကွဲမှုတွေ တပြိုင်နက် ဖြစ်ပွားခဲ့တယ်လို့ မြို့နယ်အတွင်း နေထိုင်တဲ့ ဒေသခံတွေထံက သိရပါတယ်။
ပေါက်ကွဲမှုဟာ မြို့နယ်တွင်း ၅ နေရာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မကျည်းတန်းတောင် အနောက်၊ ဈေးကလေး၊ သာဓုအရှေ့၊ သရက်တောတောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေနားနဲ့ ပန်းပင်ကြီးလမ်း၊ အထက်ကြည့်မြင်တိုင်လမ်းထောင့် အုတ်နံရံဘေးတွေမှာ ပေါက်ကွဲခဲ့တာပါ။
မနက်အစောပိုင်း ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပေါက်ကွဲမှုကြောင့် ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရတာ၊ ပျက်စီးတာတွေ မတွေ့ရဘူးလို့ ဈေးကလေးရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောပါတယ်။
ပေါက်ကွဲမှုမဖြစ်ခင် ညပိုင်းက ကြည့်မြင်တိုင်မြို့နယ်နဲ့ ထိစပ်နေတဲ့ အလုံမြို့နယ်ထဲမှာ စစ်ကောင်စီက ဧည့်စာရင်းစစ်တာ အိမ်တွေထဲအထိ ဝင်ရှာတာတွေ လုပ်ခဲ့သလို တချို့နေအိမ်တွေ မှာ ဖုန်းတွေပါ ယူပြီး စစ်ဆေးတယ်လို့ အလုံမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေအချင်းချင်း ပေးပို့တဲ့ စာမှာတော့ ကြည့်မြင်တိုင်မြို့နယ် နေရာ ၅ နေရာမှာ ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်းနဲ့ လူတွေ၊ အဆောက်အအုံတွေ ထိခိုက် ပျက်စီးမှု မရှိဘူးလို့ ဖော်ပြထားပါတယ်။