ဟေတီတွင် အင်အားပြင်း ငလျင်ကြောင့် လူ ၃၀၀ ကျော် သေဆုံး

ဟေတီနိုင်ငံ အနောက်တောင်ပိုင်းမှာ ဩဂုတ် ၁၄ ရက်က  အင်အားရစ်ချတ်တာ စကေး ၇ ဒသမ ၂ ရှိတဲ့ အကြီးစား ငလျင် လှုပ်ခတ်အပြီး လူ ၃၀၄ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး လူ ၁၈၀၀ ထက်မနည်း ဒဏ်ရာရတယ်လို့ အရပ်ဘက်ကာကွယ်ရေးဌာန အာဏာပိုင်တွေက ပြောပါတယ်။

အိမ်ခြေ ၉၄၉ လုံးထက်မနည်း၊ ဘုရားကျောင်း ၇ကျောင်း၊ ဟိုတယ် ၂ လုံး၊ စာသင်ကျောင်း ၃ ကျောင်းလည်း ပျက်စီးခဲ့ပါတယ်။

အရေးပေါ်အဖွဲ့တွေနဲ့ အရပ်သားပြည်သူတွေက ကနဦး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး အပျက်အစီးတွေအောက်က လူအများအပြားကို ကယ်ထုတ်နိုင်ခဲ့ပြီးပြီလို့ ရိုက်တာသတင်းဌာနက ပြောပါတယ်။

အပျက်အစီးတွေကို စာရင်းကောက်ဖို့ ဝန်ကြီးချုပ်က လေယာဉ်နဲ့ ငလျင်သင့်ဒေသကို ရောက်လာပြီး အချိန်တလကြာ အရေးပေါ် အခြေအနေကို ထုတ်ပြန်ခဲ့ပါတယ်။

အနားက မြို့မှာလည်း အဆောက်အအုံအများအပြား ပြိုကျပြီး အကြီးစား ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မြေပြိုလို့ လေကာယက်နဲ့ ဂျေရမီမြို့တို့ကြား အဝေးပြေးလမ်း ပိတ်ဆို့သွားခဲ့တယ်လို့ ဟေတီ အရပ်ဘက်ကာကွယ်ရေးဌာနက ပြောပါတယ်။

မြို့တော် ပို့ထ်အောပရင့်စ်ကနေ အနောက်ဘက် ကီလို ၁၅၀ အကွာလောက်က မြို့ရဲ့ မြေအောက် အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ကာ ငလျင်အပြီး မြေပြင်တုန်ခါမှုတွေ ဆက်တိုက်ဖြစ်ခဲ့တယ်လို့လည်း အမေရိကန် ဘူမိစစ်တမ်းအဖွဲ့ USGS က ပြောပါတယ်။ 

မြို့တော် ပို့တ်အောပရင့်စ်မှာ ငလျင်လှုပ်တာကို ခံစားရပေမယ့် အကြီးစား အပျက်အစီး ဖြစ်ခဲ့ပုံ မရဘူးလို့ မျက်မြင်သက်သေတွေကို ကိုးကားပြီး ရိုက်တာက ပြောပါတယ်။

ဒေသစံတော်ချိန် မနေ့ မနက် ၈ နာရီခွဲက လှုပ်ခဲ့တဲ့ ငလျင်ကို ကျူးဘားနဲ့ ဂျမေကာနိုင်ငံတို့ကအထိ ခံစားခဲ့ကြရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up