မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တိုင်းဒေသကြီး အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အေးရဲ့ ချွေးမနဲ့ မြေးနှစ်ဦးကို ဩဂုတ် ၁၄ ရက် မနက်ပိုင်းမှာ စစ်တပ်က ဖမ်းဆီးသွားပြီး ညပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပါတယ်။
အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အေးကို မနေ့မနက် ၁၁ နာရီဝန်းကျင်မှာ စစ်ကားတစ်စီးနဲ့ ဖမ်းဆီးဖို့လာရောက်ခဲ့ကြပြီး အချိန်နှစ်နာရီလောက် စောင့်ဆိုင်းပြီးတဲ့နောက်မှာ ဦးမောင်မောင်အေးကို မတွေ့တဲ့အတွက် သူ့ရဲ့ ချွေးမနဲ့ မြေးနှစ်ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေကို ဩဂုတ်လ ၁၄ ရက်နေ့ ည ၉ နာရီလောက်ကျမှ ပြန်လွှတ်ပေးခဲ့တယ်လို့ မတ္တရာမြို့ခံတွေက အတည်ပြုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဝင် ဦးမောင်မောင်အေးဟာ ပညာရေးဝန်ထမ်းဟောင်းတစ်ယောက်ဖြစ်ပြီး ၂၀၁၆ ကနေ ၂၀၂၀ အထိ မတ္တရာမြို့နယ်၊ တိုင်းဒေသကြီး အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း အဆိုပါနေရာမှာပဲ ဆက်လက် အနိုင်ရထားသူ ဖြစ်ပါတယ်။