မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သပြေသာကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဟာ ဩဂုတ် ၁၄ ရက် ညနေပိုင်းက သေနတ်နဲ့ပစ်ခံခဲ့ရပြီး သေဆုံးသွားပါတယ်။
အုပ်ချုပ်ရေးမှူးဟာ ဆိုင်ကယ်စီးနေချိန် အမည်မသိ သေနတ်သမားတွေက ဆိုင်ကယ် ၂ စီးနဲ့ လာရောက်ပစ်ခတ်သွားတာဖြစ်ပြီး နေရာမှာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မတ္တရာဒေသခံ တစ်ဦးက “စစ်ကောင်စီက ခန့်တဲ့ အုပ်ချုပ်ရေးမှူး ပစ်ခံရတယ်။ ပစ်ခံရပြီး မကြာဘူး။ အဲဒီရွာကို မတ္တရာက တပ်တွေ သွားကြတယ်။ တပ်စွဲထားတယ်လို့လည်း ပြောတယ်” လို့ ပြောပါတယ်။
သေနတ်နဲ့ ပစ်သတ်ခံရတဲ့ သပြေသာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုမှာ ပါဝင်တဲ့သူတွေကို ဖမ်းဆီးရမိဖို့ သတင်းပေးတဲ့သူဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
မတ္တရာမြို့နယ်အတွင်း ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ပြည်သူတွေ စားဝတ်နေရေး ခက်ခဲကျပ်တည်းနေချိန် ကုပ်သွေးစုပ် အမြတ်ထုတ်မှုတွေ ရပ်တန့်ဖို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။
မန္တလေးမြို့ အောင်မြေသာစံမြို့နယ်မှာလည်း အမရဌာနနီအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးလည်း ဩဂုတ်လ ၁၄ ရက် ည ၇ နာရီခွဲလောက်က လက်လုပ်မိုင်းနဲ့ ပစ်ခံရလို့ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သားတစ်ဦး ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။