စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကွေ့ချောင်းကျေးရွာအနီး "စိုး"စက်သုံးဆီဆိုင် အနောက်ဘက်နားမှာ သြဂုတ် ၁၄ ရက် ဒီနေ့လယ် ၂ နာရီခွဲလောက်က ကနီမြို့နယ်ဘက်က ပြန်လာတဲ့ စစ်ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခံရလို့ ၃ ဦးထက်မနည်း မိုင်းထိမှန်ခဲ့တယ်လို့ သိရပါတယ်။
မိုင်းပေါက်ကွဲမှုအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ အချက်ရေ ၃၀ ကျော်လောက် ပစ်ဖောက်ခဲ့တယ်လို့ ကွေ့ချောင်းအနီးနားမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ကွေ့ချောင်းကျေးရွာထဲမှာလည်း စစ်တပ်က ဝင်ရောက် ပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီး ပြည်သူတစ်ဦး ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီ တပ်အင်အား ၃၀ ဝန်းကျင်လောက်ဟာ ကနီနယ်ဘက်ကနေ မုံရွာဘက်ကို ပြန်လာရာမှာ ကားပေါ်ကနေဆင်းပြီး လမ်းလျှောက်သွားနေစဉ် မိုင်းထိမှန်ခဲ့တာလို့ ဆိုပါတယ်။