စစ်ကောင်စီတပ်နှင့် ချင်း CDF တပ်တို့ တိုက်ပွဲပြန်ဖြစ်

စစ်ကောင်စီတပ်တွေဟာ ချင်းပြည်နယ် မင်းတပ်-မတူပီလမ်း၊ မင်းတပ်မြို့နဲ့ ၁၃ မိုင်အကွာကို ဝင်ရောက်လာတဲ့အတွက်  ဩဂုတ်လ ၁၃ ရက်နေ့ ညနေပိုင်းမှာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF)  တွေနဲ့ ထိတွေ့တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ 

၁၃ မိုင်မှာ ဖြစ်ခဲ့တဲ့ထိတွေ့မှုကြောင့် စစ်ကောင်စီတပ်တွေဟာ ၁၄ မိုင်ကို ပြန်ဆုတ်သွားပြီး ထိတွေ့တိုက်ပွဲကြောင့် မင်းတပ် CDF တပ်ဖွဲ့ဝင်နှစ်ဦး မစိုးရိမ်ရတဲ့ဒဏ်ရာတွေ ရခဲ့တယ်လို့ မင်းတပ် CDF တာဝန်ရှိတစ်ယောက်က ပြောပါတယ်။

“မနေ့က ညနေ ၆ နာရီလောက်မှာ ဖြစ်တာပါ။ မင်းတပ်-မတူပီလမ်းပေါ် ၁၃ မိုင်မှာ ဖြစ်တာပါ။ သူတို့ တဖြည်းဖြည်း ရှေ့တိုးလာလို့ CDF နဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့တာပေါ့။ ဘယ်သူက ဘယ်ကို မကျော်ကြေးဆိုတာကို အကြမ်းဖျင်းသတ်မှတ်ထားတာရှိတယ်။ အဲဒါကို သူက ကျော်လာတာ။ အကြမ်းဖျင်း တစ်ယောက်နဲ့တယောက် နားလည်ထားတဲ့နေရာတွေ ရှိတယ်။ တရားဝင်တော့ မဟုတ်ဘူး။ အဲဒီနေရာကို သူတို့ကျော်လာတဲ့အတွက်ကြောင့် ဖြစ်တာပေါ့။”

ဇွန် ၂၃ ရက်မှာ စစ်ကောင်စီနဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) တို့က ပြည်သူတွေကို ထောက်ထားတဲ့အနေနဲ့ အပစ်ရပ်ထားဖို့ သဘောတူညီမှုယူခဲ့ပါတယ်။ အဲဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ခဏရပ်သွားပေမယ့် ဇူလိုင် ၁၆ ရက်နေ့ကစပြီး ထိတွေ့တိုက်ပွဲတွေ ပြန်ဖြစ်ပွားခဲ့ပါတယ်။ 

စစ်ကောင်စီက စစ်ကြောင်း ၂ ခုအသုံးပြုပြီး မင်းတပ် CDF ကို ဖိအားပေးဖို့ ကြိုးစားနေတာပါ။ 

ဩဂုတ် ၁၄ ရက်နေ့အခြေအနေအရ စစ်ကောင်စီစစ်ကြောင်းတစ်ခုဟာ မင်းတပ်-မတူပီအကြား ၁၄ မိုင်ကို‌ ရောက်နေပြီး နောက်ထပ်စစ်ကြောင်းတစ်ခုကတော့ မင်းတပ်မြို့အနီး ပိန်းလောင်းကျေးရွာနားကို ရောက်ရှိနေပါတယ်။

မင်းတပ် CDF တာဝန်ရှိသူတစ်ဦး “ဒီနေ့တော့ ထိတွေ့မှုမရှိသေးဘူး။ စစ်ကောင်စီက ၁၄ မိုင်လောက်ကို ရောက်လာပြီ။ ပိန်းလောင်းရွာဘက်ကို ရောက်လာပြီ။ အဲဒီနားမှာပဲရှိနေတဲ့အတွက် ထိတွေ့မှုမရှိသေးဘူး။ ဆက်ပြီးလှုပ်ရှားတယ်ဆိုရင်တော့ ထိတွေ့မှုရှိမှာပဲ။ ၁၄ မိုင်နား မင်းတပ်- မတူပီအကြားကို စစ်တပ်က ရောက်နေတယ်။ စစ်ကြောင်း ၂ ကြောင်းမှာ တစ်ကြောင်းက အဲဒီကို ရောက်နေတယ်။ ထိတွေ့မှုတော့မရှိသေးဘူး။ နောက်တစ်ကြောင်းက ပိန်းလောင်းကျေးရွာနားကို ရောက်နေတယ်။”

ဇူလိုင် ၃၀ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ မင်းတပ်-မတူပီလမ်းပိုင်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒု-ဗိုလ်မှူးကြီးအဆင့် တပ်ရင်းမှူးတစ်ယောက် ကျဆုံးခဲ့ပြီးနောက်ပိုင်းမှာ စစ်ရေးအခြေအနေတွေ ဆက်လက်တင်းမာနေတာဖြစ်ပါတယ်။ 

စစ်ကိုင်း၊ မကွေး၊ ချင်းပြည်နယ် ဒေသခံ PDF တွေဟာ မြို့နယ်အလိုက် ချိတ်ဆက်ပြီး မဟာမိတ်ဖွဲ့တာ အားကောင်းနေတဲ့အတွက်  စစ်ကောင်စီက အဲဒီဒေသတွေမှာ နယ်မြေစိုးမိုးနိုင်ဖို့ အင်အားသုံးနေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up