မန္တလေးတိုင်း မိုးကုတ်မြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ်က တပ်စွဲထားတဲ့ အထက ၃ စာသင်ကျောင်းထဲ သြဂုတ် ၁၃ ရက်နေ့ညနေ ၅ နာရီဝန်းကျင်က ဗုံးကွဲပြီး စစ်တပ်သား ၃ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတစ်ဦးက "ကျောင်းဝင်းထဲမှာ ဗုံးကွဲတာ၊ အသံတော့အကျယ်ကြီးပဲကြားတယ်၊ ထွက်လည်း မကြည့်ရဲဘူးလေ။ အဲ့မှာ စစ်သားတွေက သေနတ်တွေနဲ့ စောင့်နေတာ ထွက်မကြည့်ရဲဘူး။ သုံးယောက် ဒဏ်ရာရတယ်လို့ ကြားတယ်" လို့ ပြောပါတယ်။
မိုးကုတ်မြို့ အောင်ချမ်းသာရပ်ကွက်က အထက ၃ စာသင်ကျောင်းထဲမှာ စစ်ကောင်စီ တပ်သား အယောက် ၂၀၀ ဝန်းကျင် တပ်စွဲထားတာ သုံးလကျော်ကြာပြီလို့ သိရပါတယ်။
ဗုံးပေါက်မှုကြောင့် ကျောင်းဝင်းမှာလည်း ထိခိုက်ပျက်စီးမှုရှိတယ်လို့ သိရပြီး စစ်ကောင်စီတပ်က စာသင်ကျောင်းမှာ စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။
သြဂုတ် ၇ ရက်နေ့ကလည်း မိုးကုတ်မြို့ အချုပ်ထောင်မှာ ထောင်ဝင်စာတွေ့တဲ့ ထမင်းထုတ်ကနေ ဗုံးပေါက်တာကြောင့် ရဲတပ်သားသုံးဦး ဒဏ်ရာရပြီး ပြင်ဦးလွင် ဆေးရုံကို ပို့ဆောင်ကုသနေတယ်လို့ သိရပါတယ်။