Home
အနုပညာ
“တော်လှန်ရေးအတွက်ခွန်အားသစ်တခုဖြစ်ဖို့ရည်ရွယ်ထားတယ်” အဆိုတော် မူးလာ
DVB
·
August 13, 2021

လူငယ်အဆိုတော်မူးလာဟာ သူ့ရဲ့ကိုယ်တိုင်ရေး၊ ကိုယ်တိုင်သီဆိုထားတဲ့ “နွေဦးမှသည် ဖက်ဒရယ်ဆီ” လို့ အမည်ပေးထားတဲ့ တော်လှန်ရေးတေးသီချင်းသစ် MVကို   ဒီကနေ့ ဩဂုတ်လ ၁၃ ရက်မှာ အွန်လိုင်းကနေ ဖြန့်ချိလိုက်ပါတယ်။

Myanmar Idol Season 4 မှာ top 4  အထိယှဉ်ပြိုင်တက်လှမ်းပြီး ပရိတ်သတ်တွေကို သူရဲ့ သီချင်းတွေနဲ့ဆွဲဆောင်နိုင်ခဲ့တဲ့ မူးလာဟာ လက်ရှိတော်လှန်ရေးနယ်မြေတခုမှာ ရောက်ရှိနေပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ တထောင့်တနေရာကနေ ပါဝင်နေသလို တော်လှန်ရေးတိုက်ပွဲဝင်နေတဲ့ လူငယ်တွေအတွက် ခွန်အားဖြစ်စေတဲ့ သီချင်းကို ကိုယ်တိုင်ရေးစပ် သီဆိုထားတာဖြစ်ပါတယ်။

ဒီနေ့ဖြန့်ချိလိုက်တဲ့ “နွေဦးမှသည် ဖက်ဒရယ်ဆီ” သီချင်းသစ်ကို ခက်ခက်ခဲခဲ ဖန်တီးရတာဖြစ်ပြီး စစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်နေကြတဲ့ လူငယ်တွေအတွက် စိတ်ခွန်အားဖြစ်စေဖို့ ရည်ရွယ်ဖန်တီးတာလို့ မူးလာက ဒီဗွီဘီနဲ့ ဆက်သွယ်မေးမြန်းရာမှာ ပြောကြားထားပါတယ်။ 

ဆက်သွယ်မေးမြန်းချက်အပြည့်အစုံ 

မေး။ အခု ဒီ “နွေဦးမှသည် ဖက်ဒရယ်ဆီ” သီချင်းကို ဘယ်လိုစဉ်းစားချက်နဲ့ စပြီးတော့ လုပ်ဖြစ်လဲ။ သီချင်းစတင် ရေးဖြစ် ဖန်တီးဖြစ်ခဲ့ပုံ အဲဒါကို အရင်ဆုံးပြောပြပါလား။

ဖြေ။ “ဒီသီချင်းစဖြစ်လာတဲ့အပေါ်ကတော့ အဓိက ကျနော့်ရဲ့ လူကြီးပေါ့နော်။ ကျနော်တို့အားလုံးကလည်း အခုလက်ရှိမှာ တော်လှန်ရေးအတွက်ကိုပဲ အားခဲနေတယ်။ လက်ရှိအနေအထားမှာ  ကျနော်တို့တွေလည်း တကယ်ဆိုရင်အခက်အခဲ အများကြီးကို ရင်ဆိုင်နေရတယ်။ ပြီးတော့ အကြီးမားဆုံး အပြောင်းအလဲတခုကလည်း ဖြစ်စေချင်တာ ဖြစ်တဲ့အပေါ်မှာ အများကြီးအင်အားတွေလိုတယ်ပေါ့နော်။ ဆိုတော့ ကျနော်လည်း တော်လှန်ရေးနယ်မြေထဲရောက်တယ်။ တော်လှန်ရေးကို လက်ရှိလုပ်နေတဲ့ အဆိုတော် တယောက်သော်လည်းကောင်း၊ ကရင်လူမျိုးတယောက်သော်လည်းကောင်း  ကျနော် တထောင့်တနေရာကနေ ဘယ်လိုမျိုး ခွန်အားပေးရမလဲ ကျနော်  စစဉ်းစားတယ်။ စဉ်းစားတဲ့အပေါ်မှာ ကျနော်တို့ ပဒို စောလှထွန်းကနေပြီး  ဒီလိုလေးစဉ်းချက်တွေပေးပြီးတော့  ရေးဖို့အတွက်ကို guideline လေးတွေပေးပြီးတော ကျနော် ဒီသီချင်းလေးကို စပြီးတော့ရေးဖြစ်တယ်ပေါ့နော်။ ရေးပြီးတော့ ကျနော် ဒီအခက်အခဲကြားထဲကနေ ခိုးသွားပြီးတော့ သွင်းပေါ့၊ ခက်ခက်ခဲခဲလေးနဲ့ ဒီသီချင်းထွက်လာတယ်ပေါ့နော်။ ဒီလိုထွက်လာတော့ ဝမ်းလည်းဝမ်းသာမိတယ်၊ ပျော်လည်း ပျော်မိတယ်။ ”

မေး။ ဆိုတော့ သီချင်းခေါင်းစဉ်က “နွေဦးမှသည် ဖယ်ဒရယ်ဆီ” ဆိုတော့ ဘာကြောင့် သီချင်းခေါင်းစဉ်ကို ဒီလိုပေးရတာလဲ။

ဖြေ။ “ဒီသီချင်းခေါင်းစဉ်ကို  တကယ်တမ်းပေးတာကတော့ အခုနပြောတဲ့ ကေအန်ယူ အတွင်းရေးမှူး ၂ ပဒိုစောလှထွန်းကနေ တိုက်ရိုက်ပေးလိုက်တဲ့ခေါင်းစဉ်ပေါ့နော်။ သူ့ရဲ့ ပဒိုတယောက်အနေနဲ့ သူမျှော်မှန်းတဲ့  ဒီနွေဦးမှသည် ဖယ်ဒရယ်ဆီကို လျှောက်လှမ်းနိုင်မယ်ဆိုတဲ့  ရည်ညွှန်းထားတဲ့အပေါ်မှာကိုပဲ  ခေါင်းစဉ်လေးက ဖြစ်တာပေါ့နော်။  ”

မေး။ အဲတော့ ဒီသီချင်းလေးဖြစ်လာဖို့အတွက် မူးလာတို့အနေနဲ့ ဘယ်လောက်ထိ ပေါ့နော် ဒီတော်လှန်ရေးနယ်မြေကနေ MV တခုဖြစ်လာဖို့အတွက် ဘယ်လောက်ထိ ခက်ခက်ခဲခဲ လုပ်ခဲ့ရလဲ အဲဒါကို ရှင်းပြပေးပါလား။

ဖြေ။ “ ဟုတ်ကဲ့။ အခက်အခဲကတော့ သိတဲ့အတိုင်းပဲပေါ့။ အရမ်းများတယ်။ တော်လှန်ရေးနယ်မြေမှာဆိုရင် မီးလည်းမရှိဘူး။ စတူဒီယိုလည်းမရှိဘူး။  ဒီသီချင်းအကြမ်းလေး သွင်းဖို့တောင် တော်တော်ကို ခက်ခဲတယ်ပေါ့နော်။ ဒါပေမဲ့ ဘုရားရဲ့ ကျေးဇူးတော်ပဲ၊ ဘုရားကလည်း အလိုရှိတယ်လို့ ကျနော်ထင်ပါတယ်။ အခက်အခဲကြားထဲကနေ ရုံးထွက်သွားစေတယ်ပေါ့နော်။ စတူဒီယိုရှိတဲ့နယ်မြေတခုကို ကျနော်ကို ရောက်စေတယ်။ အဲဒီပေါ်မှာ ကျနော်တို့ အလုပ်လုပ်တယ်။ အလုပ်လုပ်တဲ့အပေါ်မှာလည်း ကျနော်တို့ အခက်အခဲအများကြီးရှိတယ်။   လိုအပ်တာလေးတွေလည်းအများကြီးရှိတယ်ဆိုတော့ အဲဒီအခက်ခက်ကို အသေးစိတ်အထိတော့  ပြောလို့မတတ်တော့ဘူးပေါ့နော်။ ဒါပေမဲ့လို့  တကယ့်တကယ်ကျတော့ ကရင့်အာဇာနည်နေ့မှာ ကျနော်က ထွက်ချင်တာ။ မနေ့ကတည်းက ကျနော် အသည်းအသန် ကြိုးစားတယ်ပေါ့နော်။ ဒါပေမဲ့ လုံးဝကို မရခဲ့ဘူး အခက်အခဲကတော်တော့ကို များခဲ့တယ်။ ဆိုတော့ ဒီနေ့မှပဲ ရတော့ တင်လိုက်တာပါ။ အခက်အခဲများတယ်၊ နီးနီးကပ်ကပ်လုပ်ရတာမဟုတ်ဘဲနဲ့ အဝေးကနေ လှမ်းပြီးတော့ လုပ်ရတာပေါ့‌နော်။ ဥပမာ တီးတဲ့လူဆိုရင် ဟိုးအဝေးကနေ လှမ်းတီးပြီးတော့  ကျနော့်ဆီပို့၊ ကျနော်ကနေမှဆင့် ပြန်ပို့ တဆင့်ကနေ ဟိုတဆင့်ကို ပြန်ပို့ အဲလိုသွားရတော့ စောင့်ရတာတွေလည်းအများကြီးရှိတယ်။ Delay ဖြစ်တာတွေလည်း အများကြီးရှိတယ်ပေါ့နော်။  ”

မေး။  ဒီသီချင်းဖြစ်လာဖို့ အချိန် ဘယ်လောက်ကြာကြာယူခဲ့ရသလဲ ။

ဖြေ။ “ သီချင်းရေးပြီးကတည်းကဆိုရင် ၂ လကျော် သုံးလ နီးပါးလောက်တော့ ကြာမလားမသိဘူး။ ရေးပြီးတဲ့နောက်ပိုင်း သီချင်းထွက်ဖို့က အခု ဒီနေ့အထိ အဲလောက်ကြာသွားတယ်။ အမှန်ဆို လွယ်လင့်တကူ ပြီးရမယ့်အရာနဲ့ တော်တော့်ကို ခက်ခက်ခဲခဲဖြစ်သွားတယ်။ လက်ရှိနိုင်ငံရေးအခင်းအကျင်းနဲ့ ကျနော်တို့ သွားရလာရတာ တော်တော်လေး သတိထားရတဲ့နေရာလေး ဖြစ်နေတော့ တော်တော်လေး အခက်အခဲတော့ ကြုံတွေ့ခဲ့ပါတယ်။ ”

မေး။ အခုကတော့ သီချင်းကတော့ ထွက်လာပြီပေါ့နော်။ အဲတော့ မူလာအနေနဲ့ ဒီသီချင်းကိုနားထောင်လိုက်ခြင်းအားဖြင့် တော်လှန်နေတဲ့လူငယ်တွေပဲ ဖြစ်ဖြစ် ဒီသီချင်းနားထောင်တဲ့သူတွေအပေါ် ဘယ်လိုမျှော်လင့် ရည်မှန်းထားလဲ။

“ ဒီသီချင်းကို ကျနော် စရေးမယ်ဆိုကတည်းက ၊ သီချင်းရယ်လို့ ဘာမှ မရေးရခင်ကတည်းက ကျနော်ရည်ရွယ်တာက ဒီသီချင်းကို နားထောင်လိုက်ခြင်းအားဖြင့် အခုကျနော်တို့ တော်လှန်ရေးလုပ်နေတဲ့  PDF က ရဲဘော်တွေရော၊  ကျနော်တို့ ကေအန်ယူမှာ ကေအန်ယူအမျိုးသား ရဲဘော်တွေရော၊ ပြီးရင်ကျနော်တို့ ကချင်တော်လှန်ရေးကို သွားနေကြတဲ့ ရဲဘော်တွေရော ပြီးတော့ တခြား တိုင်းရင်းသားလက်နက်ကိုင်အားလုံး ဖယ်ဒရယ်ဆီကို သွားချင်တဲ့  ကျနော်တို့ တော်လှန်နေကြတဲ့ လူငယ်အားလုံးအတွက်ကို  ဒီသီချင်းကို နားထောင်လိုက်လို့ရှိရင် ဆက်လက်ပြီးခွန်အားတွေရပြီးတော့  ဆက်ပြီးတော်လှန်ဖို့ အင်အားတွေရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တော်လှန်ရေးလုပ်ရတဲ့ လူတွေရဲ့ဘဝက ကျနော်တို့တွေ အသိဆုံးပဲလေနော်။ စားရေးလည်းခက်ခဲတယ်၊ သွားရေးလည်းခက်ခဲတယ်။ အရာအားလုံးကို စွန့်လွှတ်ပြီး ဒီကိုရောက်လာတဲ့အခါမှာ စိတ်ဓာတ်ကျမှုတွေရှိတယ်၊ ပင်ပန်းမှုတွေ ကျနော်တို့ ကြုံတွေ့ရတာပေါ့နော်။ ကျနော့်ကိုယ်တိုင်လည်း အဲလိုမျိုးတွေ ကြုံတွေ့ရတယ်။ သတိရ လွမ်းဆွတ်တယ်ရင်တောင်မှ ကျနော်တို့ ငိုလို့မရဘဲနဲ့ ကျော်ဖြတ်ခဲ့ရတဲ့ အချိန်မျိုးတွေ ရှိတယ်ပေါ့နော်။ အဲဒီအချိန်မျိုးလေးမှာ ဒီသီချင်းလေးကို နားထောင်ပြီးတော့  လုံးဝကို ကျနော်တို့ တော်လှန်ရေးအတွက်ကို ခွန်အားတွေဖြစ်လာမယ်။ ပိုပြီးတော့လည်း တော်လှန်နိုင်ဖို့၊ ပိုပြီးတော့တိုက်ခိုက်နိုင်ဖို့၊  လုံးဝကို ခွန်အားသစ်တခုဖြစ်စေဖို့ ကျနော်ရည်ရွယ်တယ်။”

“ပြီးတော့ နောက်တဖက်မှာလည်း ကျနော်တို့ လက်ရှိ တနိုင်ငံလုံး တွန်းလှန်နေကြတဲ့အပေါ်မှာ တချို့တွေက တော်လှန်ရေးလုပ်တော့လုပ်ချင်တယ်၊ သို့သော်မလုပ်ရဲဘူး။ ဇဝေဇဝါဖြစ်နေတယ်။  သို့မဟုတ် ကြောက်နေတဲ့လူအားလုံးအတွက်လည်း ဒီသီချင်းလေးကို နားထောင်ပြီးတော့ လုပ်ရဲလာမယ်၊ တော်လှန်လာမယ်၊ တော်လှန်တဲ့စကားတွေကို ပြောလာမယ်၊ တော်လှန်ဖို့အတွက် ခွန်အားတွေရလာမယ်ဆိုတဲ့ဟာကို ကျနော်က အရင် ရည်ရွယ်တာပေါ့နော်။ အဲဒီအတွက်ကြောင့်  ဒီသီချင်းလေးကို ကျနော် ရေးဖြစ်ပါတယ်လို့။ Music စတိုင်ကအစ ကျနော် လုံးဝ Motivation ဖြစ်ဖို့ရယ်၊ ဆက်လက်ပြီးတော့ တော်လှန်နေဖို့  ဒီနွေဦးကနေ လုံးဝ အဆုံးသတ် တိုက်ပွဲအနေနဲ့ ကျနော်တို့တော်လှန်ဖို့အတွက်ကို ဒီသီချင်းလေးက တထောင့်တနေရာကနေပြီးတော့ ခွန်အားဖြစ်စေမှာပါလို့ ကျနောလည်း ယုံကြည်ပါတယ်။ ”

မေး။ ဆိုတော့ အခုန မူးလာပြောသလိုဆိုရင် ဒီတော်လှန်ရေးနယ်မြေထဲကိုရောက်တယ်လို့ ပြောတယ်။ ကျမတို့ သိသလောက်ဆိုရင်လည်း အနုပညာရှင်တော်တော်များများလည်း ရောက်နေတယ်လို့သိရတယ်။ မူးလာအနေနဲ့ ဘယ်အချိန်ကတည်းကရောက်လဲ ဘာကြောင့်  ဒီတော်လှန်ရေးနယ်မြေထဲကို ရောက်ရတာလဲဆိုတာ ပြောပြလို့ရရင် ပြောပါလား။

ဖြေ။ “ ကျနော် စရောက်တာက သင်္ကြန်မတိုင်ခင်ကတည်းက ရောက်နေပါတယ်။ ရက်ကတော့ ကျနော်လည်း မမှတ်မိတော့ဘူး။ ကျနော်ရောက်ပြီး တပတ်မှာ သင်္ကြန်ပေါ့နော်။ ဘာကြောင့်ရောက်နေလဲဆိုတော့ ဒါကတော့ ရှင်းပါတယ်။ ကျနော်ကလည်း ကရင်လူမျိုးတယောက်ဖြစ်တယ်။ ကျနော်တို့မှာလည်း လက်ရှိမှာ တော်လှန်နေတဲ့ လူတွေအများကြီးရှိနေတယ်ပေါ့နော်။  တနိုင်ငံလုံးလည်း အုံကြွပြီးတော့ တော်လှန်နေတဲ့အချိန်မှာ ပြီးရင် တိုင်းပြည်ကလည်း ဒီလောက်အထိကို စုတ်စုတ်ပြတ်ဖြစ်ပြီးတော့ အရမ်းကို ပြောမကောင်းတဲ့ အခြေအနေမျိုး ဖြစ်နေတဲ့အပေါ်မှာတော့  ကျနော့်လူမျိုး လူအများကြီးရဲ့ အားပေးမှုကို ရယူနေတဲ့ လူတယောက်အနေနဲ့က အိမ်ထဲမှာ ပုန်းပြီးတော့  ကြောက်ကြောက်နဲ့နေရမယ့်အဖြစ် ကျနော်လည်း အဲလိုမျိုးနေတတ်တဲ့ ထုံးစံလည်းမဟုတ်ဘူး။ နေလည်းနေမှာမဟုတ်ဘူး။ နေလည်းမနေနိုင်ဘူး။ အဲဒီအတွက်ကြောင့် ကျနော်ထွက်လာခဲ့တယ်။ ထွက်လာပြီးတော့ ဒီမှာကျနော် ဘာနဲ့ အကျိုးပြုနိုင်မလဲ၊  ကျန်ရှိနေတဲ့လူတွေအတွက်ကော ရမယ့်အနိုင်ရဖို့အတွက်ကော၊ ရှေ့ဆက်သွားမယ့် နိုင်ငံရဲ့ အနာဂတ်အတွက်ကို တထောင့်တနေရာကနေ ကျနော်ဘာလုပ်ပေးနိုင်မလဲပေါ့၊ ဘယ်နေရာကနေဝင်ကူလို့ရမလဲ၊ ကျနော်ဘာအလုပ်လုပ်ရမလဲ ဆိုတာကို ကျနော် ဒီမှာလာပြီးတော့ တော်လှန်ရေးအတွက်ကို ကျနော်လာပြီးတော့  အသုံးတော်ခံတာပေါ့နော်။ ”

မေး။ မူးလာအနေနဲ့က တဖက်မှာလည်း အနုပညာအလုပ်တွေရှိတယ်၊ အခု ဒီကိုထွက်လာတဲ့အခါကျတော့  အနုပညာအလုပ်တွေကော လုပ်ရသေးလား။ လုပ်ရတဲ့အခွင့်အရေးကော ရှိသေးလား။

ဖြေ။ “ ကျနော်ကတော့အနုပညာရှင်လို့ပဲပြောမယ်။ လက်ရှိနိုင်ငံရေးအခင်းအကျင်းနဲ့ကော အကုန်လုံးပူဆွေးသောက ရောက်နေတဲ့အချိန်မှာ ကျနော်ကိုယ်တိုင်လည်း အမှန်တိုင်းပြောရရင် ဒီအခြေအနေမှာ အချစ်သီချင်းတွေဆိုဖို့လည်း ကျနော် စိတ်မပါဘူးပေါ့နော်။ ဆိုထားတဲ့သီချင်းတွေတော့ရှိပါတယ်။ ဒါပေမဲ့ ဒါကြီးက အားလုံးပျော်ပျော်ရွှင်ရွှင်ဖြစ်သွားတဲ့ တော်လှန်ရေးအောင်မြင်ပြီးသွားတဲ့ နောက်ပိုင်းမှာမှ ကျနော် အဲဒါတွေကို release လုပ်မယ်။ ဆက်လက်ပြီးတော့လည်း သီချင်းတွေ ပြန်ဆိုမှာပေါ့နော်။ ဒါကတော့ တပိုင်းပေါ့။ အခုလက်ရှိအနေအထားမှာကတော့ သီချင်းကတော့ အခုလိုမျိုးပဲ တော်လှန်ရေးနယ်မြေ ရောက်နေပြီးတော့ များသောအားဖြင့် တော်လှန်ရေးသီချင်းတွေ ဆက်ပြီးထွက်လာဖို့တော့ ရှိဦးမယ်ပေါ့နော်။ တော်လှန်ရေးသီချင်းတွေဆက်ပြီး ထွက်ဖို့ရှိဦးမယ်။ ပြီးတော့ ကျနော် Motivation ပေးမယ့် သီချင်းတွေကိုလည်း ကျနော်အများကြီးဆက်ပြီး ကြိုးစားရမယ်။ ဒီဟာကလည်း သီချင်းဆိုတာကလည်း ကျနော့်ရဲ့အလုပ်ဖြစ်နေတာကို ဆို‌တော့ တထောင့်တနေရာကနေ ဆက်ပြီးတော့ ပါဝင်နေဦးမှာပဲ။ ကျနော် ဆက်ပြီးတော့ တိုက်လိုက်နေဦးမှာပဲ ၊ ဆက်ပြီးတော့ ကျနော်တော်လှန်နေဦးမှာပဲဖြစ်ပါတယ်။   ”

 မေး။ ဟုတ်ကဲ့ ဆို‌တော့ မူးလာအနေနဲ့ တခြား ပြောချင်တာ ဘာရှိဦးမလဲ။

ဖြေ။ “ ကျနော် ပထမဦးဆုံး တိုက်တွန်းစကာလေးပြောချင်တယ်။ ကျနော်တို့အားလုံး အခက်အခဲတွေဖြစ်တာတော့ ကျနော်လည်းယုံကြည်တယ်။ ကျနော်လည်းအခက်အခဲအများကြီးနဲ့ ရင်ဆိုင်နေရပါတယ်။ သို့ပေမယ့် အားတင်းထားပါ။ အားတင်းပြီးရင် ကျနော်တို့တိုက်ခိုက်ဖို့ကို မကြောက်ပါနဲ့။ ကြောက်ရွံ့မှုတွေ ကျနော်တို့ ဘေးမှာ ဖယ်ထားပြီးတော့မှ ကျနော်တို့နိုင်ငံရဲ့အရေး၊ ကျနော်တို့မျိုးဆက်သစ်တွေရဲ့အရေး၊ ကျနော်တို့ချစ်ရတဲ့သူတွေရဲ့အရေးအတွက်ကို ကျနော်တို့ အခွင့်အရေတွေပေးနိုင်ဖို့၊ တန်းတူညီမျှမှုနဲ့ သာတူညီမျှ သွားနိုင်တဲ့အနေအအထား တခုကိုဖြစ်မယ့်အရေးကို ပိုပြီးတော့အားစိုက်ကြပါလို့။ ကျနော်တို့ တဦးတယောက်ထဲအတွက် မတွေးပါနဲ။ အားလုံးအတွက်ကို စုပေါင်းပြီးတော့ ကျနော်တို့ရဲ့နိုင်ငံ ကမ္ဘာ့အလယ်မှာလုံးဝ လေးလေးစားစားနဲ့‌ဗျာ ဖြစ်မယ့်အနေအထားကြီးကို ရောက်အောင် သွားကြရအောင်လို့။ သေချာပါတယ်။ ကျနော်ယုံကြည်ပါတယ်။ ဒီတော်လှန်ရေးကြီးက လုံးဝကို အောင်မြင်မှာပါ။ ကျနော်တို့ အယောက်ဆီတိုင်းလည်း အောင်မြင်မယ်လို့ ရင်ထဲမှာထားပြီးတော့ ဆက်လက်ပြီး တိုက်ပွဲဝင်ကြရအောင်လို့ ကျနော်တိုက်တွန်းစကားလေးပြောချင်တယ်။  ”

ခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

“နွေဦးမှသည် ဖက်ဒရယ်ဆီ” သီချင်းMV နားဆင်ကြည့်ရှုရန်လင့်ခ်

Photo Credit- Mooler https://www.youtube.com/watch?v=dKztP6vbeXw

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024