စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကိုမခံဘဲ တိုက်ပေါ်က ခုန်ချရင်း ကျဆုံးခဲ့ကြတဲ့ ရန်ကုန်မြို့ ၄၄ လမ်းက လူငယ်တွေကို ရည်စူးပြီး ရှမ်းပြည်နယ်တစ်နေရာမှာ ရှမ်းလူငယ်တွေက ကောင်းမှုကုသိုလ်ပြုလုပ်ခဲ့ကြပါတယ်။
ရှမ်းပြည်နယ်အတွင်းက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြတာ ဖြစ်ပြီး ရန်ကုန်မြို့ ၄၄ လမ်းမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေကို အမျှပေးဝေခဲ့တယ်လို့ ရှမ်းလူငယ်တွေက ပြောပါတယ်။
ရှမ်းလူငယ်တွေအနေနဲ့ မတရားမှုမှန်သမျှ၊ အာဏာရှင်မှန်သမျှကို တွန်းလှန်တိုက်ခိုက်နေတဲ့ လူငယ်တွေနဲ့အတူ အမြဲအတူရှိနေတာကို ပြသခြင်းဖြစ်တယ်လို့ ဆွမ်းကပ်လှူရာမှာ ပါဝင်ခဲ့တဲ့ လူငယ်တစ်ဦးက ပြောပါတယ်။
ဩဂုတ် ၁၀ ရက်က ရန်ကုန်မြို့ ၄၄ လမ်းက တိုက်တစ်တိုက်နေထိုင်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်တဲ့လူငယ်တွေကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးရာမှာ လူငယ် ၅ ဦးက အဖမ်းမခံဘဲ တိုက်ပေါ်ကနေ ခုန်ချခဲ့တာဖြစ်ပါတယ်။