အာဖဂန် ဒုတိယအကြီးဆုံး ကန်ဒါဟာမြို့ကို တာလီဘန်များ ထိန်းချုပ်

တာလီဘန်တွေဟာ အာဖဂန်နစ္စတန်ရဲ့ ဒုတိယအကြီးဆုံးမြို့တော် ကန်ဒါဟာမြို့ကို သြဂုတ် ၁၃ ရက်မှာ ထိန်းချုပ်လိုက်ပြီလို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။

တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာမူဂျာဟစ်က ကန်ဒါဟာမြို့ကအစိုးရရုံးတွေလို့ ယူဆရတဲ့ အဆောက်အအုံတွေကို ရိုက်ကူးပြသတဲ့ ဗွီဒီယိုကို တွစ်တာလူမှုကွန်ရက်မှာ တင်ခဲ့ပြီး အုပ်ချုပ်ရေးမှူးရုံး၊ ရဲဌာနချုပ်နဲ့ မြို့တော်ရဲ့ တခြားအရေးပါတဲ့နေရာတွေမှာ ရန်သူတွေကို ရှင်းလင်းခဲ့ပြီး မူဂျာဟစ်ဒင် ထိန်းချုပ်မှုအောက်ကို ရောက်လာခဲ့ပြီ လို့ ပြောထားပါတယ်။

အာဖဂန်စစ်သည်တချို့ လက်နက်ချလိုက်ပြီး တချို့စစ်သားတွေလည်း ထွက်ပြေးကြတဲ့အပြင် ရာနဲ့ ချီတဲ့ လက်နက်တွေ၊ ယာဉ်တွေ၊ ခဲယမ်းမီးကျောက်တွေ ပြန်ရခဲ့ပြီလို့လည်း ဆိုပါတယ်။

ရိုက်တာသတင်းဌာနကတော့   အဲ့ဒီနေရာတွေနဲ့ ဗီဒီယိုဖိုင်တွေရဲ့ ရက်စွဲကို သီးခြားအတည်မပြုနိုင်ပါဘူး။

မနေ့က ညနှောင်းပိုင်းမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပြီးနောက်မှာ တာလီဘန်တွေက ကန်ဒါဟာမြို့ကိုထိန်းချုပ်နိုင်ခဲ့ပါတယ်လို့ ဒေသခံအစိုးရအရာရှိ တစ်ယောက်က ရိုက်တာကို ပြောပါတယ်။

အာဖဂန်အစိုးရတပ်ဖွဲ့တွေကတော့ အနှစ် ၂၀ ကြာစစ်ပွဲအတွင်း အာဖဂန်နစ္စတန်ရှိ အမေရိကန်စစ်တပ်ရဲ့ ဒုတိယအကြီးဆုံး အခြေစိုက်စခန်းဖြစ်ခဲ့တဲ့ ကန်ဒါဟာလေဆိပ်ကို ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

တာလီဘန်တွေ အရှိန်အဟုန်နဲ့ ထိုးတက်လာနေတာကြောင့် အမေရိကန်ပြည်ထောင်စုက အာဖဂန်နစ္စတန်ရှိ သူ့နိုင်ငံသားတွေကို  ချက်ချင်းထွက်ခွာကြဖို့ သြဂုတ် ၁၂ ရက်က တိုက်တွန်းခဲ့ ပါတယ်။ 

အ‌မေရိကန်သံရုံးဟာ အမေရိကန်နိုင်ငံသားတွေကို ရနိုင်သမျှ လေယာဉ်တွေကို သုံးပြီး အာဖဂန်နစ္စတန်ကနေ ချက်ချင်းထွက်ခွာကြဖို့ တိုက်တွန်းထားတဲ့ သတိပေးချက်ကို သံရုံးရဲ့ ဝက်ဆိုက်မှာ ထုတ်ပြန်ထားတာပါ။ 

လုံခြုံရေးအခြေအနေတွေနဲ့ ၀န်ထမ်းလျှော့ချမှုတို့ကြောင့် အာဖဂန်နစ္စတန်ရှိ အမေရိကန်နိုင်ငံသားတွေကို ကူညီဖို့ သံရုံးရဲ့စွမ်းရည်ဟာ ကဘူးလ်မြို့တော်အတွင်းမှာတောင် အလွန် အကန့်အသတ်ရှိနေတယ်လို့လည်း သတိပေးချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနကလည်း ကဘူးလ်ရှိ သံတမန်ရေးရာတည်ရှိမှုကိုလည်း ပြန်လည်လျှော့ချခဲ့ပြီး ဒါကို လျှော့ချဖို့ တပ်ဖွဲ့ဝင် ၃၀၀၀ ကို စေလွှတ်နေပြီလို့လည်း ပြောပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up