မန္တလေးတိုင်း မိုးကုတ်မြို့မှာ သြဂုတ် ၁၃ ရက်နေ့မနက်က မြေပြိုပြီး နှစ်ထပ်အိမ်ပြိုကျတာကြောင့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး မြေပိသေဆုံးခဲ့တယ်လို့ မြို့နယ်ကြက်ခြေနီအသင်းက သိရပါတယ်။
မိုးကုတ်မြို့ အုန်းကိုင်းရွာသစ်က တောင်ပေါ်က နှစ်အိမ်ပြိုကျရာမှာ မိသားစု ၇ ဦး ပိတ်မိသွားခဲ့ပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နဲ့ အခြားလူမှုရေးအသင်းတွေ ပူးပေါင်းရှာဖွေရမှာ မိသားစုဝင် ၆ ဦး ကို ကယ်ဆယ်ရမိပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ မြို့နယ် ကြက်ခြေနီအသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"အိမ်နှစ်အိမ်ပြိုကျတာ၊ ခုနစ်ယောက် ပိတ်မိသွားတယ်၊ ၆ ယောက်ကိုက အသက်ရှင်လျက်ပြန်တွေ့တယ်၊ မနက် ၆ နာရီကတည်းက ရှာဖွေကယ်ဆယ်မှုတွေလုပ်နေရတယ်။"
မြေပြိုမှုကြောင့် အိမ်နှစ်အိမ် ပြိုကျပျက်စီးခဲ့သလို ရေလျှံခဲ့တဲ့ ဘော်ဗဒန်းရွာက လမ်းမကြီး ပြိုကျကာ အိမ်တွေထဲထိ ရေတွေဝင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးကုတ်မြို့မှာ သြဂုတ် ၁၁ ရက်နေ့ကစပြီး မိုးရေချိန် ၂ လက်မကျော် နှစ်ရက်ဆက်တိုက် ရွာသွန်းပြီး ရေကြီးမြေပြိုတာကြောင့် သြဂုတ် ၁၂ ရက်နေ့က လူ ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။