ဒုက္ခသည်စခန်းက ရိုဟင်ဂျာများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးရန် အစီအစဉ်မရှိသေးဟုတာဝန်ရှိသူပြော

မြန်မာအာဏာပိုင်တွေဟာ ရခိုင်ပြည်နယ်အနောက်ပိုင်းမှာ ဦးစားပေးအုပ်စုတွေ ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေးချိန်မှာ လူဦးရေ ထူထပ်တဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့ လူနည်းစု ရိုဟင်ဂျာမွတ်ဆလင်တွေကို ထည့်သွင်းထိုးနှံပေးဖို့ အစီအစဉ် လတ်တလော မရှိသေးဘူးလို့ စစ်ကောင်စီခန့် စစ်တွေမြို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ 

သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေး၀န်ထမ်းတွေ၊ အစိုးရ၀န်ထမ်းတွေနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေလို ဦးစားပေးအုပ်စုတွေအတွက် ကာကွယ်ဆေး ၁ သောင်း ပေးထားပြီးပြီလို့ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

စစ်တွေမြို့ရှိ စခန်းတွေမှာ နေထိုင်ကြတဲ့ မွတ်ဆလင်တွေကို ကာကွယ်ဆေး ထိုးပေးဖို့အတွက် လက်ရှိအစီအစဉ် မရှိသေးပါဘူလို့ ဆိုပါတယ်။ 

ဒီအစီအစဉ်ဟာ ရိုဟင်ဂျာတွေကို ခွဲခြားဆက်ဆံခြင်း ဖြစ်နေမလား ဆိုတဲ့မေးခွန်းကိုတော့ မှတ်ချက်ပေးဖို့ ငြင်းဆန်ပြီး သူတို့ဟာ အထက်အမိန့်အတိုင်းပဲ လိုက်နာဆောင်ရွက်ရတာပါလို့ ပြောပါတယ်။ 

“ဒါက ကာကွယ်ဆေး ဘယ်နှလုံး၊ ဘာညွှန်ကြားချက်တွေ ကျနော်တို့ လက်ခံရရှိထားလဲ ဆိုတဲ့အပေါ် မူတည်‌နေပြီး ခုထိတော့ ဘာညွှန်ကြားချက်မှ မရထားသေးပါဘူး” လို့ ဆိုပါတယ်။ 

ကာကွယ်ဆေးထိုးအစီအစဉ်တွေနဲ့ ပတ်သက်ပြီး စစ်တပ်ထိန်းချုပ်မှုအောက်က ကျန်းမာရေး ၀န်ကြီးဌာနနဲ့ စစ်ကောင်စီဘက်က ပြောရေးဆိုခွင့်ရှိသူပုဂ္ဂိုလ်တွေကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။ 

စစ်တွေမြို့ရှိ ဗုဒ္ဓဘာသာဝင်အများစုနဲ့ ခွဲခြားထားရှိတဲ့ ရိုဟင်ဂျာစခန်းတွေမှာတောင် ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။ ဒါပေမယ့် အာဏာပိုင်တွေကတော့ အဲ့ဒီစခန်းတွေမှာ ကူးစက်ခံရတဲ့ အရေအတွက်ကို မပြောပါဘူး။ 

စစ်တွေမြို့အနီးရှိ ဖွဲရာကုန်းနဲ့ သက်ကယ်ပြင်စခန်းတွေမှာ ကာကွယ်ဆေးထိုးအစီအစဉ်အတွက် အာဏာပိုင်တွေဘက်က စေလွှတ်ထားခြင်းမရှိဘူးလို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုအပြီး ကျန်းမာရေး၀န်ထမ်းတွေဟာ ဆန္ဒပြတဲ့အနေနဲ့ အလုပ်တွေကနေ ရပ်နားလိုက်ကြတာကြောင့် ကိုဗစ်-၁၉ ရောဂါ ကုသရေးမှာ ပြိုလဲလုနီးပါး ဖြစ်နေခဲ့တာပါ။ 

ဒါပေမယ့် မြန်မာနိုင်ငံမှာ အဆိုးရွားဆုံး ကူးစက်မှုနဲ့ ရင်ဆိုင်နေရတာကြောင့် စစ်တပ်က ကာကွယ်ဆေးထိုးဖို့ ကြိုးစားနေပါတယ်။ တရားဝင်စာရင်းတွေမှာ ကူးစက် သေဆုံးနှုန်းကို လျှော့တွက်ထုတ်ပြန်ထားတယ်လို့ ဆေးဝန်ထမ်းတွေ ယုံကြည်ထားပြီး လတ်တလောမှာ တစ်ရက်ကို ပျမ်းမျှ လူ ၃၀၀ နီးပါး သေဆုံးနေတာပါ။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up