မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှာ ဩဂုတ်လ ၁၁ ရက် ညနေပိုင်းက ငြိမ်းချမ်းစွာဆန္ဒပြခဲ့တဲ့ မန္တလေးသံဃသမဂ္ဂ သပိတ်စစ်ကြောင်းကို စစ်တပ်က အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့ပြီးနောက် စစ်ကြောင်းမှာပါတဲ့ ဆရာတော် ၁ ပါးကို ဖမ်းဆီးထိမ်းသိမ်းလိုက်ပါတယ်။
ဖမ်းဆီးခံရတဲ့ ဆရာတော်ဟာ ဗန်းမော်ကျောင်းတိုက်အတွင်း သီတင်းသုံးနေတဲ့ ဆရာတော် ဖြစ်တယ်လို့သိရပြီး ဆရာတော်ကို လက်ရှိမှာ သက်ဆိုင်ရာနယ်မြေ ရဲစခန်းမှာ ဖမ်းဆီး စစ်ဆေးနေပါတယ်။
မန္တလေးသံဃသမဂ္ဂ သပိတ်စစ်ကြောင်း စတင် ချီတက်အချိန်မှာ အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ အရပ်ဝတ်၊ အိမ်စီးကားတွေနဲ့ ရောက်ရှိလာပြီး ဖြိုခွင်းတာလို့ စစ်ကြောင်းမှာ ပါဝင်သူ တစ်ဦးက ပြောပါတယ်။
မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ပြုတ်ကျရေး ချီတက်ဆန္ဒပြနေတာ (၁၈၄) ရက်မြောက်ထိရှိပြီဖြစ်ပြီး ဘယ်လိုအတားအဆီးတွေပဲရှိရှိ နေ့စဉ်ချီတက်နေတဲ့ မန္တလေးက စစ်ကြောင်း တစ်ခုဖြစ်ပါတယ်။
အရင်ကလည်း မန္တလေး သံဃသမဂ္ဂသပိတ်စစ်ကြောင်း ဖြိုခွင်းခံရဖူးပြီး ဖမ်းဆီးခံရတဲ့ သံဃာ ၂ ပါးကို နန်းတွင်း စစ်ကြောရေးမှာ အကြမ်းဖက်ရိုက်နှက် စစ်ဆေးတာတွေရှိခဲ့ကာ ဇွန်လ ၃၀ ရက်နေ့ကမှ အိုးဘိုအကျဉ်းထောင်ကနေ ပြန်လွတ်ပေးခဲ့ပါတယ်။