တရုတ်အစိုးရဟာ အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဆီကို ဖွံ့ဖြိုးရေးစီမံကိန်း ၂၁ ခုအတွက် ရန်ပုံငွေဒေါ်လာ ၆ သန်းကျော် လွှဲပြောင်းပေးမှာဖြစ်တယ်လို့ စစ်တပ်လက်အောက်ခံ နိုင်ငံခြားရေး၀န်ကြီးဌာနက ပြောပါတယ်။
ဒါဟာ ဖေဖော်ဝါရီ ၁ ရက်က ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချခဲ့တဲ့ စစ်အုပ်ချုပ်ရေးအဖွဲ့ရဲ့လက်အောက်မှာ တရုတ်က ပြန်လည်ပူးပေါင်း ဆောင်ရွက်တဲ့ လက္ခဏာ တစ်ရပ်လည်းဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ရေးထားပါတယ်။
ဒီရန်ပုံငွေတွေကို မဲခေါင်-လန်ကန် ပူးပေါင်းဆောင်ရွက်ရေးမူဘောင်အတွင်းက စီမံကိန်းတွေ အတွက် တရုတ်နိုင်ငံကနေ လွှဲပြောင်းပေးမှာဖြစ်တယ်လို့ နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီရန်ပုံငွေတွေဟာ တိရစ္ဆာန်ကာကွယ်ဆေး၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ သိပ္ပံ၊ ခရီးသွားလုပ်ငန်းနဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးတို့လည်း ပါ၀င်နေတယ်လို့ ဆိုပါတယ်။ တနင်္လာနေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်နဲ့ သဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုး ခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပြီး တရုတ်သံရုံးရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာလည်း ဒီလက်မှတ်ရေးထိုးခြင်းကို အတည်ပြုထားပါတယ်။
မြန်မာစစ်အုပ်စုရဲ့ အတိုက်အခံတွေကတော့ တရုတ်အစိုးရဟာ ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုဖြုတ်ချပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့လုပ်ရပ်ကို ကျူးလွန်တဲ့ စစ်တပ် အာဏာသိမ်းမှုကိုထောက်ခံတယ်လို့ စွပ်စွဲထားကြပါတယ်။
ပေကျင်းအစိုးရကတော့ ဒီစွပ်စွဲချက်တွေကို ပယ်ချလိုက်ပြီး သူဟာ ဒီအကျပ်အတည်းနဲ့ ပတ်သက်ပြီး ဒေသတွင်း သံတမန်ရေးကို ထောက်ခံကြောင်းပြောကြားခဲ့ပါတယ်။
လတ်တလောနှစ်တွေအတွင်း မြန်မာနိုင်ငံမှာ နိုင်ငံဖြတ်ကျော် ရေနံနဲ့သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းတွေ ဖွင့်လှစ်ခြင်းနဲ့ စီးပွားရေးဇုန်များနဲ့ အဓိကဆိပ်ကမ်းဖွံ့ဖြိုးရေးအတွက် စီမံကိန်းတွေ နဲ့အတူ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု မြင့်တက်လာခဲ့ပါတယ်။