ကိုဗစ်-၁၉ ကပ်ရောဂါဘေးကာလအတွင်း ရခိုင်ပြည်နယ်တွင်းရှိ ပြည်သူတွေကို အစားအစာ ကူညီထောက်ပံ့ပေးဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုကောင်းမွန်အောင် ဆောင်ရွက်ပေးဖို့ ရခိုင်အမျိုးသားပါတီက စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ကုန်စျေးနှုန်းကျဆင်းပြီး တည်ငြိမ်ဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးလို့ ၀င်ငွေ မထိခိုက်အောင် ဆောင်ရွက်ပေးဖို့လည်း ရခိုင်အမျိုးသားပါတီက စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံ သြဂုတ် ၁၀ ရက်စွဲနဲ့ အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုတာပါ။
ကိုဗစ်-၁၉ ကပ်ရောဂါဟာ ရခိုင်ပြည်နယ် မြို့နယ်အားလုံး၊ မြို့ပြနဲ့ ကျေးလက်၊ စစ်ဘေးရှောင်စခန်းတွေမှာပါမကျန် ပျံ့နှံ့ကူးစက်မှုကြောင့် နေ့စဉ် အသက်ဆုံးရှုံးမှု သတင်းတွေကြားရပြီး လက်လုပ်လက်စားသမားတွေဟာ ၀င်ငွေရလမ်းနည်းပါးလို့ စားနပ်ရိက္ခာအကျပ်အတည်းတွေ ကြုံနေရပြီလို့ ဖော်ပြပါတယ်။ စစ်ရှောင်စခန်းတွေမှာလည်း စားနပ်ရိက္ခာပြတ်လပ်နေပြီလို့ ဆိုပါတယ်။
စားနပ်ရိက္ခာအခက်အခဲကို ကိုင်တွယ်ဖြေရှင်းမပေးနိုင်ရင် ခိုးဆိုးလုယက်မှု၊ အသက်အန္တရာယ်ပြုမှုနဲ့ ဆူပူအုံကြွမှုလို ပြစ်မှုတွေဖြစ်လာမှာကို အထူးစိုးရိမ်နေရကြောင်းနဲ့ လက်ရှိမှာတောင် နေရာတချို့မှာ ခိုးဆိုးလုယက်မှုတွေ ဖြစ်ပွားနေတာ ကြားနေရပြီလို့ ရေးထားပါတယ်။
လူမှုအဖွဲ့အစည်းတချို့နဲ့ လူပုဂ္ဂိုလ်တချို့က တပိုင်တနိုင် ထောက်ပံ့ပေမယ့် လုံလောက်မှုမရှိကြောင်း၊ စစ်ဘေးရှောင်စခန်းတွေကို နိုင်ငံတကာက လှူဒါန်းတဲ့ လူသားချင်းစာနာမှု အထောက်အပံ့တွေကိုလည်း ပိတ်ပင်ထားတယ်လို့ သိရကြောင်းနဲ့ ဒီကပ်ရောဂါကို အစိုးရတရပ်အနေနဲ့ အစီအစဉ်ချ ကိုင်တွယ်ဖြေရှင်းဖို့ လိုတယ်လို့ တိုက်တွန်းထားပါတယ်။
ပြည်နယ်အစိုးရအနေနဲ့ ကိုဗစ်ကပ်ဘေးကာလမှာ ပြည်သူလူထု လိုအပ်တဲ့ စားဝတ်နေရေး အခက်အခဲကို ဖြေရှင်းပေးခြင်းမရှိသေးသလို ဖြေရှင်းပေးမယ့် အစီအစဉ်ကိုလည်း ပြောဆိုခြင်းမရှိကြောင်းနဲ့ ပြည်နယ်တွင်း လုံခြုံရေး၊ စစ်ဆေးရေးကိစ္စကိုသာ ဦးစားပေးဆောင်ရွက်နေတယ်လို့ ဝေဖန်ထားပါတယ်။
ကာကွယ်တားဆီးရေးကို ကြိုတင်ဆောင်ရွက်ခြင်းမပြုတဲ့အတွက် ရခိုင်ပြည်နယ်အနှံ့ ရောဂါကူးစက်ပျံ့နှံ့ခဲ့ရသလို ပြည်သူတွေဟာ အောက်ဆီဂျင်ရအောင် ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေရခြင်း၊ အိမ်သုံးဆေးဝါးတွေ ပြတ်လပ်စျေးကြီးတာတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
အိမ်သုံးဆေးဝါး၊ ဆေးရုံဆေးခန်းသုံးပစ္စည်းတွေ၊ စားသုံးဆီ၊ လယ်ယာနဲ့ ရေလုပ်ငန်းသုံးစက်ပစ္စည်းတွေ၊ ရခိုင်ပြည်နယ်ထွက် လယ်ယာထွက်ကုန်ပစ္စည်းတွေကို နယ်လုံဝန်ကြီး ခွင့်ပြုချက်ရယူနေရဆဲဖြစ်တာကို ရုပ်သိမ်းပေးဖို့ တောင်းဆိုထားပါတယ်။
ဒါ့အပြင် ဧည့်စာရင်းတိုင်ကြားတာကို ရုပ်သိမ်းပေးဖို့နဲ့ ကားဆိုင်ကယ်နဲ့ သွားလာနေသူတွေကို အစိုးရဘက်က လက်နက်အပြည့်အစုံနဲ့ စစ်ဆေးနေတာတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုထားပါတယ်။
ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်နယ်မှာ လူထုထောက်ခံမှုအများအပြားရတဲ့ နိုင်ငံရေးပါတီ ဖြစ်ပါတယ်။