မြန်မာပြည်သူလူထု သန်း ၅၀ ကျော်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး နိုင်ငံခြားကနေ တချိန်လုံးဝယ်နေပါက တိုင်းပြည်မွဲသွားလိမ့်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
ဩဂုတ် ၉ ရက်က နေပြည်တော်မှာကျင်းပတဲ့ စစ်ကောင်စီရဲ့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေးမှာ ပြောသွားတာဖြစ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်က “ကာကွယ်ဆေးရယ်၊ ကုသဆေးရယ်၊ ဒါ အနာဂတ်မှာ မလုပ်လို့မရပါဘူး၊ အနာဂတ်မှာ ကာကွယ်ဆေးရော၊ ကုသဆေးရော ကျနော်တို့ ထုတ်ကို ထုတ်ရမယ်၊ ဒါ ပြည်တွင်းမှာ ကျနော်တို့ မလုပ်လို့မရဘူး၊ လူသန်းပေါင်း ၅၀ ကျော်လောက်ဟာကို ၊တစ်ချိန်လုံး နိုင်ငံခြားက ဝယ်ဖို့ဆိုတာကတော့ တိုင်းပြည်မွဲသွားလိမ့်မယ်။ အဲဒီတော့ ကျနော်တို့ဆီမှာ ထုတ်လို့ရအောင် ကျနော်တို့ ကြိုးစားရမယ်။ ကာကွယ်ဆေး ရော၊ ကုသဆေးရော ကျနော်တို့ ရအောင်လုပ်ကြမယ်။”လို့ ပြောပါတယ်။
ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်စတဲ့ ပြည်နယ်တွေမှာရှိတဲ့ တိုင်းရင်းဆေး ပညာရှင်တွေကို ခေါ်ယူတွေ့ဆုံပြီး ကိုဗစ်ကာကွယ်ဆေးဖော်ကြဖို့လည်း စစ်ခေါင်းဆောင်က ညွှန်ကြားလိုက်ပါတယ်။
“ပြည်နယ်တွေမှာလည်း တိုင်းရင်းဆေးပညာရှင်တွေရှိပါတယ်။ ဆေး အကျော်အမော်တွေရှိကြတယ်။ ကရင်ပြည်နယ်မှာရှိတယ်။ ကချင်ပြည်နယ်မှာရှိတယ်။ ရှမ်းပြည်နယ်မှာရှိတယ်။ ပြည်နယ်တွေမှာလည်း၊ ကျနော်တို့ မပြောနိုင်တဲ့၊ မသိတဲ့ တိုင်းရင်းဆေးနဲ့ပတ်သက်တဲ့ပညာရှင်တွေရှိမှာပါ။ သူတို့နဲ့ ခေါ်ယူတွေ့ဆုံဆွေး နွေးပြီးတော့မှ လက်တွေ့ကျတဲ့ဟာပေါ့၊ ကျနော်တို့မှာတော့ တစ်ဖုံထည့်မယ်တို့၊ နှစ်ဖုံထည့်မယ်တို့၊ သေချာသိပ္ပံနည်းကျပေါ့၊ သူ့ရဲ့ စကေးလ် အတိအကျနဲ့၊ တစ်ကယ့် ကို နည်းစနစ်ကျကျနဲ့ ဖော်ထုတ်ပြီးတော့မှ ဆောင်ရွက်မယ်ဆိုရင် ကျနော်တို့ရဲ့ ကိုဗစ်နဲ့ပတ်သက်တဲ့ ကာကွယ်ကုသဆေးဟာ ပြည်တွင်းမှာပဲ လုပ်လို့ရမယ့် အနေအထားရှိတယ်။ ဒါကိုလည်း တိုင်းရင်းဆေးအပါအဝင်ကာကွယ်ဆေး၊ ကုသဆေးတွေကိုလည်း ပြည့်စုံအောင် ရေရှည်အတွက် ကြည့်ပြီး ဆောင်ရွက်ပေးကြဖို့ ကျနော်ပြောလိုပါတယ်။” လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ခဲ့ပေမဲ့ စိတ်ချရတဲ့ အနေအထားမှာ မရှိသေးကြောင်း၊ ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်းကို အခုဩဂုတ်လမှာ တစ်ဝက်၊ ခေါက်ချိုးကျသည်အထိ ဆွဲချနိုင်ရေး ကြိုးစားလုပ်ဆောင်သွားမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။
မြန်မာနိုင်ငံမှာ မနေ့က တစ်ရက်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃,၆၁၁ ယောက်၊ သေဆုံးသူ ၂၃၈ ယောက်တွေ့ရှိပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၃၃,၁၂၇ ယောက် နဲ့ သေဆုံးသူ ၁၂,၀၁၄ ယောက်ရှိလာပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၉ ရက်ညမှာ ထုတ်ပြန်ပါတယ်။
အာဆီယံနိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအများဆုံး အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတွေပြီးရင် မြန်မာနိုင်ငံက တတိယမြောက် သေဆုံးမှုအများဆုံးနိုင်ငံ ဖြစ်လာပါတယ်။
Photo-AP