မွန်ပြည်နယ် ရေးမြို့နယ် တောင်ဘုံရွာအနီးမှာ ကျေးရွာပြည်သူ့စစ်အဖွဲ့နဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့တို့ သြဂုတ် ၈ ရက်နေ့က မွန်းလွဲပိုင်းလောက်မှာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကုန်းမောင်စိန်တောရကျောင်းသွားလမ်းဘေးရှိ လူမနေတဲ့ ရာဘာခြံဟောင်းမှာ ပိုင်ရှင်မဲ့မော်တော်ယာဥ်နှစ်စီးကို ခြံပိုင်ရှင်နဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၄ ဦးတို့ သွားရောက်ကြည့်ရှု စစ်ဆေးနေတဲ့အချိန်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့ ပြောက်ကျားဝတ် ၃ ဦးက လာရောက်ပစ်ခတ်ခဲ့တာလို့ အမည်မဖော်လိုသူတဲ့ မျက်မြင်ဒေသခံတဦးက ပြောပါတယ်။
“ကိုက် ၂ဝဝ လောက်ရှိတဲ့ တဖက်တောထဲကနေ လက်နက်ငယ် နဲ့ ၆ ချက်စတင်ပစ်ခတ်ခဲ့တယ်။ ပြည်သူ့စစ်က ပြန်ပစ်တယ်။ ဒဏ်ရာတော့မရကြဘူး။ ပြီးတော့ အမည်မသိ လက်နက်ကိုင်သူတွေက ဆုတ်ခွာထွက်သွားခဲ့တယ်” လို့ ပြောပါတယ်။
ဒီနောက် ပြောက်ကျားဝတ် ၃ ဦးဟာ လမ်းမှာ မောင်းလာတဲ့ ဆိုင်ကယ်တစီးအား သေနတ်ပြ တားဆီးယူဆောင်ပြီး တောလမ်းအတိုင်း မောင်းနှင်ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။
ပိုင်ရှင်မဲ့ ယာဉ်နှစ်စီးပေါ်မှာတော့ လက်လုပ်ဗုံး ၂ လုံး၊ ခေါင်းစွပ်၊ ပုခက်နဲ့ အဝတ်အစားတွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အခုဖြစ်စဉ်နဲ့ပက်သက်ပြီး ရေးမြို့ PDF ဘက်က ထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးပေမယ် ဒီရက်ပိုင်းကစတင်ပြီး ပြောက်ကျားစနစ်နဲ့ စစ်ဆင်ရေးလုပ်ဆောင်သွားမယ်လို့ ပြည်သူတွေကို အသိပေး ပြောဆိုထားပါတယ်။