Home
မေးမြန်းခန်း
နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်နှင့် မေးမြန်းချက်
DVB
·
August 9, 2021

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့တကွ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးဖို့ နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်က စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

မတရားအာဏာရယူထားတဲ့ စစ်ကောင်စီကို အုပ်ချုပ်သူအစိုးရအဖြစ် လုံးဝ အသိအမှတ်မပြုဘဲ အမျိုးသားညီညွတ်ရေးအစိုးရကိုသာ အသိအမှတ်ပြုကြောင်းနဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကလည်း ဝိုင်းဝန်းအသိအမှတ်ပြုပေးကြဖို့ တောင်းဆိုထားပါတယ်။ စစ်ကောင်စီက ဖန်တီးလာဖွယ်ရှိတဲ့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေကို ပူးပေါင်းတိုက်ဖျက်ကြဖို့လည်း ပြည်သူလူထုကို ဆော်သြထားပါတယ်။ 

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ကြတဲ့ လူမျိုးဘာသာအသီးသီးမှ ဘာသာရေးနဲ့လူမျိုးရေးခေါင်းဆောင်တွေစုပေါင်းပြီး သြဂုတ်လ ရ ရက်နေ့မှာ နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်ကို ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဒီအဖွဲ့ရဲ့ ရည်ရွယ်ချက် ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး ကွန်ရက်ရဲ့ ပြောခွင့်ရသူတဦးဖြစ်တဲ့ ဦးထွန်းကြည်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ 

မေး- နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ယက်ကို အခုလိုကာလမှာ ဘာရည်ရွယ်ချက်နဲ့ ဖွဲ့စည်းတာလဲခင်ဗျ။

ဖြေ - “ကျနော်တို့ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေပေါ့ဗျာ။ အခြေအနေနဲ့ အချိန်အခါရဲ့ တောင်းဆိုချက်လည်းဖြစ်တယ်ပေါ့။ နောက်တခုက ယနေ့ခေတ်လို့ပဲပြောပြော၊ နွေဦးတော်လှန်ရေးရဲ့ လိုအပ်ချက်လို့ပဲပြောပြော အဲဒီနှစ်ချက်အပေါ်မှာ ကျနော်တို့က ဘာသာပေါင်းစုံကလည်း နှစ်ပေါင်းမြောက်မြားစွာဗျာ ဘာသာရေး၊ လူမျိုးရေးကို သူတို့က အသုံးချခဲ့တာလေ။ မှိုင်းတိုက်ခဲ့တာ၊ ပဋိပက္ခတွေ၊ အဓိကရုဏ်းတွေ ဖန်တီးပြီးတော့ သူတို့အာဏာတည်တံ့ခိုင်မြဲရေးအတွက်ကို အဲဒါနဲ့ပဲ သူတို့က တောက်လျှောက် အသုံးချခဲ့တာဖြစ်တာကြောင့် ဒီအချိန်ဒီအခါမှာတော့ ရှေ့မှာပြောတဲ့အချက် ၂ ချက်အပေါ်မှာ ကျနော်တို့ ဘာသာပေါင်းစုံက ညီရင်း အစ်ကို မောင်ရင်းနှမတွေက ဒီလိုမျိုးအခြေအနေမျိုးမှာတော့ ဒီကွန်ယက်ကလေးကတော စတာပေါ့ဗျာ။ ကွန်ရက်နဲ့ စကြမယ်ပေါ့ဗျာ။ နောက်ကျတော့မှ Space တွေကို ထပ်ချဲ့မှာပေါ့ဗျာ။ အဲဒါကြောင့် မနေ့ကတော့ ကျနော်တို့ရဲ့ ၃၃ နှစ်မြောက် လူထုအရေးတော်ပုံအမီပေါ့၊ ရည်ရွယ်ချက် ၃ ချက်ပေါ့။ နံပါတ် ၁ ကတော့ စစ်အာဏာရှင် အမြစ်ပြတ်ချုပ်ငြိမ်းရေး၊ ၂ ကတော့ ဘာသာပေါင်းစုံ အတူလက်တွဲပြီးတော့ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းဆိုတဲ့ လောကပါလတရားတွေကို အခြေခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးပေါ့။ နံပါတ် ၃ ကတော့ စုံလင်ကွဲပြားတဲ့ လူမျိုး၊ ဘာသာများကြားမှာ ခွဲခြားဆက်ဆံမှုတွေ ပပျောက်ပြီးတော့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ လက်တွေ့ကျင့်သုံးခွင့်တို့ကို အာမခံတဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ လူမှုဝန်းကျင်သစ်တခုကို တည်ဆောက်ရေးဆိုတဲ့ ရည်ရွယ်ချက်တွေ၊ ဦးတည်ချက်တွေနဲ့ ဖွဲ့စည်းရခြင်းဖြစ်ပါတယ်။” 

မေး-ဒီကွန်ရက်လေးမှာ ဘာသာပေါင်းစုံဆိုတော့ ဘယ်ဘာသာတွေကို ကိုယ်စားပြုတယ်ဆိုတာရှင်းပြပေးပါ။ 

ဖြေ- “အဓိက လောလောဆယ် ဘာသာကြီးလေးခုပေါ့နော်။ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာပါတယ်။ လောလောဆယ် ဘာသာကြီး ၄ ခုနဲ့ စပြီးတော့ တာလွှတ်တာ၊ စုဖွဲ့ထားကြပါတယ်။” 

မေး-ဒီကွန်ရက်ရဲ့ ပထမခြေလှမ်းအနေနဲ့ လူထုကို ဘာတွေသိစေချင်လဲ၊ ဘာတွေ လိုလားသလဲခင်ဗျ။

ဖြေ- “၃၃ နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးကိုလည်း ဂုဏ်ပြုချင်တဲ့အခါကျတော့ ဒီနှစ်မှာကျတော့ နွေဦးတော်လှန်ရေးနဲ့ကလည်း တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေတဲ့အခါကျတော့ နွေဦးတော်လှန်ရေးအပါအဝင်၊ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံဟာ လူထုတော်လှန်ရေးမှာ အသက်တွေပေးခဲ့ကြတယ်လေ၊ ဘဝတွေ သွေးတွေ၊ ပေးဆပ်ခဲ့ကြတယ်၊ အခုချိန်ထိလည်း မျက်ရည်မြစ်တွေစီးဆင်းနေကြဆဲပဲပေါ့ဗျာ။ အဲဒီ အာဇာနည်သူရဲကောင်းတွေနဲ့ ရဟန်းရှင်လူပြည်သူအပေါင်းကို ကျနော်တို့ ဦးညွှတ်ဂုဏ်ပြုတယ်ဆိုတဲ့ အချက်တချက်လည်းပါတယ်။”

“နောက်တခုက စပြီးအာဏာသိမ်းတဲ့အချိန်ကစပြီး၊ အာဏာမသိမ်းခင် ဖေဖော်ဝါရီ ၁ ရက်နေ့မှာလည်း သူတို့ နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းထားတာ ရှိတယ်ပေါ့ဗျာ။ ဆိုတော့ သမ္မတကြီး ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိလွှတ်ပေးဖို့ ပြည်တွင်းပြည်ပက တောင်းဆိုနေတာတွေကို စစ်အာဏာရှင်အနေနဲ့ ဘာပဲပြောပြော ဒီကိစ္စကို ချက်ခြင်း လိုက်နာဆောင်ရွက်ပေးရမယ်ဆိုတာလည်း တောင်းထားတယ်ဗျ။ နောက်တခုက ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်အရ ဖွဲ့စည်းထားတဲ့ အန်ယူဂျီ အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတယ်၊ ထောက်ခံတယ်ပေါ့ဗျာ။ နောက်တခုက ကုလသမဂ္ဂနဲ့ နိုင်ငံတကာကနေပြီးတော့ စစ်ကောင်စီကို အသိအမှတ်မပြု၊ ပတ်သက်ဆက်ဆံဆောင်ရွက်ခြင်း လုံးဝမပြုဖို့နဲ့ ပြည်သူအများစုထောက်ခံထားတဲ့ အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်ဖို့ အလေးအနက် တောင်းဆိုထားတယ်။ နောက်တခုက ကျနော်တို့ တိုင်းပြည်မှာ ပြည်သူလူထုက ကပ်ဘေးဆိုးကတမျိုးနဲ့ အခုအချိန်မှာ ဒုက္ခ ပင်လယ်ဝေနေတယ်ပေါ့ဗျာ။ ဒီဒုက္ခတွေကို ခါးစည်းပြီး ခံနေတဲ့အတွက်ကြောင့်မို့လို့ ဒီ ကိုဗစ်-၁၉ ကိစ္စနဲ့ပတ်သက်လို့ စစ်အုပ်စုက ဒီဟာကို လက်နက်သဖွယ် အသုံးချနေတယ်။ ပြည်သူတွေ ဒုက္ခပင်လယ်ဝေစေရန်ဆိုတဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတာကို ကျနော်တို့က ပြင်းပြင်းထန်ထန် ရှုတ်ချတယ်။ ယူအန်နဲ့ နိုင်ငံတကာကလည်း အမြန်ဆုံးကြားဝင်ဖြေရှင်းပေးဖို့လည်း ကျနော်တို့က တောင်းဆိုထားတယ်။ နောက်ဆုံးတချက်ကတော့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်ကို ဘက်ပေါင်းစုံကနေ တိုက်ပွဲဝင်နေကြတဲ့ လူမျိုးပေါင်းစုံပေါ့ဗျာ အင်အားစုတွေကို ကျနော်တို့က အားပေးထောက်ခံရင်းနဲ့ ကျနော်တို့ရဲ့ ရှေ့မှာပြောထားတဲ့ ဦးတည်ချက်တွေနဲ့အညီ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့ ကိစ္စကို ကျနော်တို့က ကြေညာချက် ၅ ချက်ထဲမှာ  ထည့်ပေးထားပါတယ်။” 

မေး -အထူးပြောစရာ တစုံတရာ ရှိဦးမလားခင်ဗျာ။

ဖြေ - “အဓိကကတော့ ကျနော်တို့က သြဂုတ် ၇ ရက်နေ့မှာ စုဖွဲ့တယ်။ ဒီဟာကတော့ ပထမခြေလှမ်းအနေနဲ့တော့ ကျနော်တို့ရဲ့ မြန်မာ့သမိုင်းမှာ၊ ဒီမိုကရေစီလှုပ်ရှားမှုထဲမှာ ရှစ်လေးလုံးကတော့ ဒီမိုကရေစီအရေးတော်ပုံကြီးပေါ့ဗျာ။ လူထုအရေးတော်ပုံကြီးပေါ့ဗျာ။ ဒီတော့ အဲဒီအရေးတော်ပုံကြီးအမီ ကျနော်တို့က တာထွက်လာတဲ့အတွက်ကြောင့်မို့လို့ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်နေကြတဲ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံပေါ့ခင်ဗျာ ကျနော်တို့ကွန်ရက်နဲ့ အမြန်ချိတ်ဆက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ ကျနော်တို့က ဖိတ်ခေါ်ပါတယ်။ နောက်တခုက သူ့ (ကာချုပ်) ရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းပေါ့ဗျာ သြဂုတ် ၁ ရက်နေ့က ပြောတဲ့ မိန့်ခွန်းထဲမှာ သူက ဘာထည့်ပြောလဲဆိုတော့ အန်အယ်လ်ဒီအစိုးရ ငါးနှစ်တာကာလမှာပေါ့ဗျာ ဗုဒ္ဓဘာသာဝင်အများစုက စိတ်မချမ်းမြေ့ဖွယ်ရာတွေနဲ့ ကြုံခဲ့ရတယ်ပေါ့ဗျာ။ ဒါကလည်း နှပ်ကြောင်းပေးလိုက်တာက မကြာခင်မှာ ဘာသာရေး၊ လူမျိုးရေး ပြဿနာတွေကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးတော့မယ်ဆိုတဲ့ သတင်းစကားကို ကျနော်တို့က ဒီလိုပဲ နားလည်ထားတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ ကွန်ရက်အနေနဲ့ကလည်း ညီရင်းအကို၊ မောင်ရင်းနှမတွေပေါ့ဗျာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနဲ့ ဒီလိုမျိုးဖြစ်လာခဲ့ရင်..ကျနော်တို့က ဒီဟာကို ပူးပေါင်းပြီးတော့ ကျရာအခန်းကဏ္ဍက တားဆီးကာကွယ်သွားမယ်၊ ဒါတွေကို တိုက်ဖျက်သွားမယ်ဆိုတဲ့ သတင်းစကား ပါးချင်ပါတယ်။”

“ဒါကြောင့်မို့လို့ ကျနော်တို့ရဲ့ Network ကွန်ရက်နဲ့အတူ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်နေကြတဲ့ တိုင်းရင်းသားပြည်သူလူထု ညီရင်းအစ်ကို မောင်ရင်းနှမတွေ အားလုံးက သတိရှိရှိနဲ့၊ သတိနဲ့ အသိကို ကပ်ပြီးတော့ သူတို့ရဲ့လှမ်းလာမယ့်ခြေလှမ်းတွေပေါ့ဗျာ၊ သူတို့စစ်အာဏာ တည်တံ့ခိုင်မြဲရေး၊ စစ်ဘောင်ချဲ့ဖို့နဲ့ စစ်ကြီးစိုးရေးဝါဒအတွက်ကို သူတို့ ရှေ့ဆက်လှမ်းလာမယ့် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ၊ ပဋိပက္ခတွေ၊ ပြဿနာတွေကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးလာမှာကို ကျနော်တို့အားလုံးက စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ကျောချင်းကပ်၊ လက်ချင်းယှက်ပြီးတော့ ဒီဟာကို တိုက်ဖျက်ချေမှုန်းကြပါလို့  ကျနော် သတင်းစကားပါးချင်ပါတယ်။”

ကျေးဇူးတင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024