အာဖဂန်ရှိ အစိုးရအဆောက်အအုံများကို တာလီဘန်များ သိမ်းပိုက်

တာလီဘန် တိုက်ခိုက်ရေးသမားတွေဟာ အာဖဂန်နစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်းက ခွန်ဒုဇ်မြို့ထဲက အဓိက အစိုးရအဆောက်အုံတွေကို သိမ်းပိုက်လိုက်တယ်လို့ ပြည်နယ် လွှတ်တော်အမတ်တစ်ယောက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက သြဂုတ် ၈ ရက်မှာ ဖော်ပြပါတယ်။

ခုတော့ အာဖဂန်အစိုးရတပ်တွေဟာ ခွန်းဒုဇ်မြို့ထဲက လေဆိပ်နဲ့ သူတို့ စစ်စခန်းကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။

ခွန်းဒုဇ်မြို့ထဲက အမျိုးသားလုံခြုံရေးညွှန်ကြားမှုဦးစီးဌာန ခြံဝင်းနဲ့ အာဖဂန် အမျိုးသား ရဲဌာနချုပ်တို့ကို စစ်သွေးကြွတွေဆီက သိမ်းပိုက်အပြီး ရိုက်ထားတဲ့ ရုပ်သံကိုလည်း တာလီဘန်တွေက ရိုက်တာသတင်းဌာနကို ပေးပို့ခဲ့ပါတယ်။

ဒါပေမဲ့ ဒီရုပ်သံတွေကို သီးခြားလွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုနိုင်တာတော့ မဟုတ်ပါဘူး။ 

လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မြို့ကို ကာကွယ်ဖို့ တိုက်နေပြီး တိုက်ပွဲတွေ အင်မတန် ပြင်းထန်နေတယ်လို့ အာဖဂန်လုံခြုံရေးတပ်တွေရဲ့ ပြောခွင့်ရက ပြောပါတယ်။

ဒါပေမဲ့ ခွန်ဒုဇ်မြို့က ပြည်နယ်လွှတ်တော်အမတ်ကတော့ လူဦးရေ ၂ သိန်း ၇သောင်းရှိတဲ့ မြို့က အဓိက အဆောက်အအုံတွေကို သူပုန်တွေက သိမ်းပြီးပြီဖြစ်လို့ နောက်ဆုံးမှာ တာလီဘန်တွေ လက်ထဲ ကျသွားနိုင်တယ်လို့ ရိုက်တာကို ပြောပါတယ်။

တာလီဘန်တွေဟာ ဆာအီပေပြည်နယ်ရဲ့ မြို့တော်က အစိုးရအဆောက်အအုံတွေကိုလည်း သိမ်းပိုက်ပြီး အရာရှိတွေကို အနားက စစ်တပ်အခြေစိုက်စခန်းဆီ မောင်းထုတ်ခဲ့တယ်လို့ ပြည်နယ်ကောင်စီဝင်ကို ကိုးကားပြီး ရိုက်တာက ပြောပါတယ်။

လတ်တလော ရက်တွေမှာ တာလီဘန်တွေရဲ့ ထိုးစစ်က အရှိန်အဟုန် အားကောင်းလာနေတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up