ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ မြဝတီ-ကော့ကရိတ်အာရှကားလမ်းမကြီးမှာ ဩဂုတ် ၈ ရက် မနေ့ည ၆ နာရီကျော်လောက်က ဂတ်စ်အိုးတင် ၂၂ ဘီးကားကြီး ဘရိတ်ပေါက်တိမ်းမှောက်ပြီး ယာဉ်မောင်း အမျိုးသား ၁ ဦးသေဆုံးသွားကာ ယာဉ်နောက်လိုက် ၁ ဦး မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပါတယ်။
မြဝတီ-ကော့ကရိတ်အာရှကားလမ်းမကြီး မိုင်တိုင်အမှတ် ၁၅၄ နဲ့ ၁၅၅ အကြား နတ်စင်ကွေ့အနီးမှာ ဂတ်စ် (၂၂) တန် သယ်ဆောင်မောင်းနှင်လာတဲ့ NISSAN ၂၂ ဘီး အမျိုးအစား တွဲယာဉ်ဟာ ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လားရာတူရှေ့မှ မြေဆီအိတ်တွေ သယ်ဆောင်မောင်းနှင်လာတဲ့ FAW ၂၂ ဘီး တွဲကားကို ဝင်ရောက် တိုက်မိပြီး လမ်းပေါ်မှာ ကန့်လန့်ဖြတ် တိမ်းမှောက်ခဲ့ တာပါ။
ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသွားတဲ့ ယာဉ်မောင်းနဲ့ ဒဏ်ရာရသွားတဲ့ ယာဉ်နောက်လိုက်တို့ကို ကော့ကရိတ်မြို့နယ်၊ “ပုလဲဖြူ”လူမှုကူညီရေးအသင်းပိုင်ယာဉ်နဲ့ သင်္ဃန်းညီနောင်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
Photo- MFSD