ဩဂုတ် ၈ ရက်နေ့က မုံရွာမြို့ကနေ စားသောက်ကုန်တွေဝယ်ပြီး ကနီမြို့နယ် ဆယ်ရွာချောင် လာပို့ရွာကို ပြန်လာတဲ့ ကား ၂ စီးကို ရွှေတောင်ဦးစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ကား ၂ စီးပေါ်မှာ ဥပဒေနဲ့ မလွတ်ကင်းတာ တစ်ခုမှမပါဘဲ ဆန်၊ ဆီ၊ အခြေခံ အိမ်သုံး ဆေးဝါးတွေပဲ ပါတာလို့ ကားပိုင်ရှင်ရဲ့ ဆွေမျိုးတဦးက ပြောပါတယ်။
“အဓိကကတော့ ကနီနယ်က ကားမို့လို့ ဖမ်းတဲ့သဘောပဲရယ်။ အခုဟာက ဆယ်ရွာချောင်လာပို့ ကျေးရွာကပြည်သူတွေ စားစရာအခြေခံစားသောက်ကုန်တွေ ပြတ်နေလို့ အခုလို အရဲစွန့်ဝယ်ရတာ။ ဈေးကုန်တွေကလည်း တစ်ဦးတစ်ယောက်ဈေးရောင်းဖို့ရာ မဟုတ်ဘူးဗျ။ ရွာသားတွေအကုန်လုံး စုပေါင်းမှာလိုက်ကြတဲ့ ကုန်တွေရယ်။ တကယ်ကို စားစရာမရှိလို့ အားလုံးအတွက် စားစရာထွက်ဝယ်တာကို ဖမ်းတယ်ဆိုတော့ဗျာ။ ပြည်သူကို ဖြတ်လေးဖြတ်လုပ်တဲ့ သဘောပဲ။ သူတို့တောင်းတဲ့ ဂိတ်ကြေးလည်း ပေးတယ်။ မပေးလို့ ဖမ်းတယ်ဆိုလည်း ထားလိုက်ဦး။ သူတို့ဂိတ်ကိုဖြတ်မယ်ဆိုရင် တစ်ဂိတ်ကို တစ်သိန်း ပေးရတယ်။”
ဒီနေ့မနက်ပိုင်းအထိ ဖမ်းဆီးခံခဲ့ရတဲ့ ကုန်ကားနှစ်စီးကို ပြန်မလွှတ်ပေးသေးဘူးလို့ ဆိုပါတယ်။
ကနီမြို့နယ်အတွင်းက ကျေးရွာတွေဟာ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးပစ္စည်းများကို မုံရွာကနေ အဓိကထားပြီး ဝယ်ယူနေရပါတယ်။ စစ်ကောင်စီတပ်တွေကလည်း ကနီမြို့ကနေ မုံရွာကိုသွားတဲ့အဓိက မုံရွာ၊ ယာကြီး၊ ကလေးလမ်းမှပေါ်မှာ စစ်ဆေးရေးဂိတ်တွေ အများအပြား ဖွင့်လှစ်ပြီး စစ်ဆေး ငွေတောင်းတာတွေ လုပ်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲလို စစ်ဆေးနေတာကြောင့် ဒေသခံတွေ မုံရွာကို ဈေးဝယ်မသွားရဲကြောင့် ဆေးဝါးနဲ့ အခြေခံ စားသောက်ကုန်တွေ ပြတ်လပ်နေပြီး အရေးပေါ်ကူညီကယ်ဆယ်ရေးတွေ အရေးကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။