နမ့်ခမ်းမြို့နယ်၌ စစ်တပ်က ပစ်ခတ်သဖြင့် သက်ကြီးအမျိုးသား ၁ ဦး ဒဏ်ရာရ

နမ့်ခမ်းဂွင်က TNLA စစ်ကြောင်းတစ်ခု

ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ဝမ်နမ့်မ ဟိုပုံ့ရွာမှာ ဩဂုတ် ၈ ရက်မနက် အစောပိုင်းက ဒေသခံ သက်ကြီး အမျိုးသား ၁ ဦးကို စစ်တပ်က  ပစ်ခတ်ခဲ့လို့ ဒဏ်ရာရသွားတယ်လို့  ဒေသခံတွေဆီက သိရ ပါတယ်။

ဝမ်နမ့်မ ဟိုပုံ့ ရွာထဲကို စစ်ကောင်စီတပ်ဖွဲ့တွေက  သြဂုတ် ၈ ရက် မနက် ၄ နာရီ ဝန်းကျင်မှာ ဝင်ရောက်လာစဉ် အသက် ၇၀ ဝန်းကျင်အရွယ်  ဦးခိင်းရွှေကျောင်းဆိုတဲ့ ရွာခံ အမျိုးသား တစ်ဦးကို သေနတ်နဲ့ ပစ်ခတ်သွားတာလို့ ဒေသခံ ရွာသား တစ်ဦးက ပြောပါတယ်။ 

"သေနတ်ပစ်သံကြားလို့ သူက အိမ်တံခါးကို ဖွင့်ကြည့်လိုက်တာ။ စစ်သားက သူ့ကို ပြန်ပစ်လိုက်တာ။” 

အဆိုပါပစ်ခတ်မှု‌ကြောင့်  ဦးခိင်းရွှေကျောင်းရဲ့ ပါးစပ်မှာ ကျည်ဆန် ထိမှန် ဒဏ်ရာရရှိခဲ့လို့ ဆေးကုသမှုခံယူဖို့အတွက်  နမ့်ခမ်း ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့  ကူညီပို့ဆောင်ပေးသူ ရွာခံတွေထံက သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊  ဝိန်းကန်‌ကျေးရွာနဲ့ နမ့်မရွာကြားမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ TNLA(တအာင်း)တပ်တို့ ဒီနေ့ မနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။

အခုလက်ရှိ နမ့်ခမ်းမြို့နယ်အတွင်းမှာ KIA(ကချင်), TNLA(တအာင်း), MNDAA(ကိုးကန့်)နဲ့ SSPP(ရှမ်း)တပ်တွေ လှုပ်ရှားနေပြီး ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ခိုက်မှု မကြာခဏဖြစ်ပွား‌နေတာပါ။

ဆယ်စုနှစ်ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်အစပ်က မန်ဝိန်းကြီးဒေသနဲ့ နမ့်ခမ်းမြို့ပေါ်မှာ နှစ်ရှည်စစ်ဘေးရှောင်စခန်းတွေရှိနေပြီး သောင်းနဲ့ချီတဲ့ပြည်သူလူထုတွေဟာ စစ်တပ်ရဲ့ ထိုးစစ်တွေကြောင့် နေရပ်ပြန်ဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up