မန္တလေးမြို့မှာ သြဂုတ် ၇ ရက်က ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ သံသယရှိသူ ၂၉ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးနှုန်း လျော့ကျလာတယ်လို့ မြို့ခံပရဟိတအသင်းတွေဆီက သိရပါတယ်။
ကိုဗစ်-၁၉ ကြောင့် သေဆုံးခဲ့သူတွေကတော့ မန္တလေးဆေးရုံကြီး ရင်ခွဲရုံမှာ ၁၀ ဦး၊ မြို့တော်ဆေးရုံက ၁ ဦး၊ အရပ်ထဲက ၄ ဦးနဲ့ ကန်တော်နဒီဆေးရုံက ၂ ဦး၊ ခုတင် ၅၀၀ ဆေးရုံက ၅ ဦး၊ ခုတင် ၃၀၀ ဆေးရုံက ၁ ဦး၊ အရပ်ထဲက ၅ ဦးနဲ့ အရပ်ထဲက ကိုဗစ်သံသယနဲ့ ၁ ဦး စုစုပေါင်း ၂၉ ဦး သေဆုံးခဲ့တာဖြစ်ပြီး ပရဟိတအသင်းတွေက အေးရိပ်ငြိမ်သုသာန်နဲ့ တောင်အင်းမြောက်အင်းသုသာန်တွေကို ပို့ဆောင် သင်္ဂြိုဟ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
ဖော်ပြပါ ကိုဗစ်ကြောင့် သေဆုံးသူစာရင်းဟာ မန္တလေးမြို့ခံပရဟိတအသင်းတချို့ရဲ့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ အချက်အလက်တွေသာ ဖြစ်ပါတယ်။
ဇူလိုင် ပထမအပတ်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၄၀၀ ကျော် ရှိခဲ့ပြီး သြဂုတ် ပထမအပတ်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၂၀၀ ကျော်ရှိခဲ့တာကြောင့် သေဆုံးသူတဝက်နီးပါး ကျဆင်းသွားခဲ့တယ်လို့ မြို့ခံပရဟိတအသင်းတွေဆီက သိရပါတယ်။
မန္တလေးမြို့မှာ ဇူလိုင်လအတွင်း ကိုဗစ်ကြောင့် နေ့စဉ် ၁၀၀ နီးပါး သေဆုံးခဲ့ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ သံသယနဲ့ သေဆုံးသူ ၂၀၀၀ ကျော် ရှိခဲ့ပါတယ်။
သေဆုံးသူအများစုက အသက်အရွယ်ကြီးသူတွေ ရောဂါအခံရှိသူတွေ ဖြစ်ပြီး အောက်ဆီဂျင် မလုံလောက်တဲ့အတွက် အသက်ရှူရပ်ပြီး သေဆုံးကြတာပါ။
စစ်ကောင်စီ ဖွင့်လှစ်ထားတဲ့ ဆေးရုံတွေနဲ့ ကိုဗစ်စင်တာတွေကို အယုံအကြည်မရှိတဲ့အတွက် ရပ်ကွက်အတွင်း အပြင်ဆေးခန်းပြပြီး အိမ်မှာ ကျိတ်ကုနေတာကြတဲ့ လူနာအများအပြားရှိနေတယ်လို့ သိရပါတယ်။