ပန်ကြပ်ဆီလတ်အတိုက်ပြိုင်ပွဲတွင် ဇေယျာ ပထမဆုံးပွဲစဉ် အနိုင်ရ

နေပြည်တော် ဇေယျာသီရိအားကစားခန်းမ(စီ)မှာ ဒီနေ့ ယှဉ်ပြိုင်ကစားတဲ့ ပန်ကြပ်ဆီလတ် (pencak silat) အတိုက်ပြိုင်ပွဲမှာ မြန်မာကစားသမား ဇေယျာက ပြိုင်ဘက်လာအိုကစားသမား သန်ဖွန် ဆင်ဖီလာဗောင် (Thanphonh Simphilavong)ကို အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီး အနိုင်ရရှိခဲ့ပါတယ်။ pencaksilat2ပွဲစစချင်းမှာ လာအိုကစားသမား သန်ဖွန် ဆင်ဖီလာဗောင် (Thanphonh Simphilavong) က ဦးဆောင်တိုက်ခိုက် အမှတ်ယူနေပြီး ပရိသတ်အားပေးမှုကြောင့် မြန်မာကစားသမား ဇေယျာ ပြန်လည် တိုက်ခိုက်အမှတ်တွေ ရယူနိုင်ခဲ့ပါတယ်။ မြန်မာကစားသမား ဇေယျာက ပြိုင်ဘက်ကစားသမားကို တိုက်ခိုက်နိုင်မှု ရမှတ် ၂၀ အထိ အမြင့်ဆုံး ရရှိခဲ့ပြီး လာအိုကစားသမားကလည်း မြန်မာကစားသမားဇေယျာကို တိုက်ခိုင်နိုင်မှု ရမှတ် ၁၅ မှတ်အထိ ရရှိခဲ့ပါတယ်။ ပရိသတ်ရဲ့အားပေးမှုနဲ့အတူ မြန်မာကစားသမားဇေယျာရဲ့ တိကျသေချာသော အဆုံးအဖြတ်တွေ ပေးနိုင်တဲ့ တိုက်ခိုက်နိုင်မှုတွေကြောင့် နောက်ဆုံးမှာ နိုင်ငံခြားဒိုင် ၅ ဦးရဲ့အဆုံးအဖြတ်နဲ့ မြန်မာက ၅ မှတ်အသာဖြင့် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ နည်းပြချုပ်ဖြစ်သူ ဦးတင်ဦးက ပန်ကြပ်စီလတ်အားကစားဖြင့် ၂၇ ကြိမ်မြောက်ဆီးဂိမ်းမှာ ရွှေ ၄ ခု ရဖို့ မျှော်မှန်းထားတယ်လို့ ပြောပါတယ်။ “မြန်မာအသင်းလည်း ကောင်းတယ်၊ တခြားနိုင်ငံက အသင်းတွေကလည်း အကုန်ကောင်းကြပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် လူဟောင်းတွေချည်းပဲ ပြန်တွေ့တာပေါ့။ ကျနော်တို့က အခက်အခဲ ကြားထဲက ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ကျနော်တို့ ပန်ကြပ်ဆီလတ်မှာ ရွှေတံဆိပ် ၄ ခု မျှော်မှန်းထားပါတယ်။” ပန်ကြပ်ဆီလတ် ယှဉ်ပြိုင်ချိန်မှာ ၂ မိနစ်ယှဉ်ပြိုင်၊ ၁ မိနစ်နား ၃ ချီ ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။ ဒီကစားနည်းမှာ ဦးခေါင်းပိုင်း၊ လည်ပင်းနဲ့ ခါးအောက်ပိုင်းတို့ကို တိုက်ခိုက်ခွင့် မရှိပေ။ ခါးအထက်ပိုင်းမှ ပခုံးအထိ (ကျောဘက်အပါအ၀င်) နေရာတွေကိုသာ အမှတ်ပေးတာ ဖြစ်ပါတယ်။ ပန်ကြပ်ဆီလတ် ကစားနည်းမှာ ဒိုင်လူကြီး ၅ ဦး ထားရှိပြီး အမှတ်ပေးပုံစနစ်က ၁ မှတ်ကနေ ၄ မှတ်ထိ ဖြစ်ပါတယ်။ အမှတ်ပေးပုံမှာ ပြိုင်ဘက် ကာကွယ်မှု မလုပ်နိုင်ခင် ရှင်းလင်းသည့် ထိချက်များ ၁ မှတ်၊ ၁+၁ ဟာ ပြိုင်ဘက်ရဲ့ တန်ပြန်တိုက်စစ်ကို ဟန့်တားပြီး တိုက်စစ်ဆင်တာ (လက်) အတွက် ပေးမှတ်ဖြစ်ပါတယ်။ ခြေကန်ချက်တွေအတွက် ၂ မှတ်၊ တန်ပြန်တိုက်စစ်ကနေ ခြေကန်ချက်တွေအတွက် (၁+၂) ဖြစ်ပါတယ်။ အရှေက ၁ ဟာ ခုခံကာကွယ်မှုအတွက်ဖြစ်ပြီး ၂ ဟာ တန်ပြန်တိုက်စစ်ကန်ချက်အတွက် ဖြစ်ပါတယ်။ ပြိုင်ဘက်ကို အလဲတိုက်ခိုက်ရင် ၃ မှတ် ပေးပါတယ်။ တန်ပြန်တိုက်စစ်ကတဆင့် လဲအောင် စွမ်းဆောင်ရင် ၁+၃ သတ်မှတ်ထားပါတယ်။ ပန်ကြပ်ဆီလတ် အားကစားနည်းဟာ မလေးမျိုးနွယ်တွေရဲ့ ကိုယ်ခံပညာရပ်ဖြစ်ပြီး အင်ဒိုနီးရှား၊ ဘရူနိုင်း၊ စင်ကာပူနိုင်ငံတွေမှာ လေ့လာလိုက်စားသူ များတယ်လို့ သိရပါတယ်။ ပန်ကြပ်ဆီလတ် အားကစားနည်းကို ၁၉၈၇ ခုနှစ်ကစပြီး အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ထည့်သွင်းကျင်းပခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up