Home
မြန်မာသတင်း
ရှစ်လေးလုံး သင်ခန်းစာများကို အသုံးချပြီး ညီညီညွတ်ညွတ် ရှေ့ဆက်တိုက်ပွဲဝင်ကြရန် တိုက်တွန်း
DVB
·
August 8, 2021

ရှစ်လေးလုံးသင်ခန်းစာများကိုအသုံးချပြီး ညီညီညွတ်ညွတ်ရှေ့ဆက်တိုက်ပွဲဝင်ကြဖို့နဲ့ ရှစ်လေးလုံးတော်လှန်ရေးမှာမရခဲ့တဲ့ ညီညွတ်မှုနဲ့ CDM ရေရှည်လှုပ်ရှားမှုကို ပြည်သူတွေက ဆက်ထိန်းထားကြဖို့  နိုင်ငံရေးလှုပ်ရှားသူတွေက တိုက်တွန်းလိုက်ပါတယ်။

၂၀၂၁ ဩဂုတ် ၈ ရက်နေ့ဟာ စစ်အာဏာရှင်ကို မြန်မာပြည်သူတစ်ရပ်လုံးက အုံကြွတော်လှန်တဲ့ ရှစ်လေးလုံးအရေးတော်ပုံ ၃၃ နှစ်မြောက် အထိမ်းအမှတ်နေ့ဖြစ်ပါတယ်။

ရှစ်လေးလုံးတော်လှန်ရေးက တပ်လှန်ခဲ့တဲ့ ဒီမိုကရေစီစံနှုန်းတွေနဲ့ ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကို သင်ခန်းစာယူပြီး စစ်အာဏာရှင်ကို ပြည်သူတွေက ရှေ့ဆက်တွန်းလှန်ကြဖို့၊ ပြည်သူတွေအနေနဲ့ ညီညီညွတ်ညွတ်တောင့်ခံနိုင်မှ အာဏာရှင်စနစ်ကို အမြစ်ပြတ်တွန်းလှန်နိုင်လိမ့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက တိုက်တွန်းလိုက်တာပါ။ 

“မတရားမှုကို တော်လှန်နေတာ ဖြစ်ပါတယ်။ ၈၈ မှာ ဖြစ်ပေါ်ခဲ့တဲ့ အကြောင်းအရာတွေကို အားယူပြီးတော့ နောက်ထပ်တိုက်ပွဲသစ်ကို ဖော်ဆောင်နေတာ ဖြစ်ပါတယ်။ ၈၈ မှာ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ တပ်လှန့်နိုင်ခဲ့တယ်။ အဲဒီမှာရခဲ့တဲ့ အသိတရားတွေ သင်ခန်းစာတွေကို အသုံးချပြီးတော့ ရှေ့ဆက်သွားနိုင်ဖို့ လိုအပ်ပါတယ်။ ပြည်တွင်းမှာ ဆက်လက်ဆန့်ကျင်နေတာတွေ၊ ၈၈ တုန်းက မရှိခဲ့တဲ့ ရေရှည် CDM လှုပ်ရှားမှုတွေ ဒါတွေ ဆက်ပြီးတော့ ခါးမပြတ်ဖို့ အရေးကြီးတယ်။  ဆက်ပြီးတောင့်ခံနိုင်ဖို့ လိုအပ်တယ်။ အဲဒီတုန်းက ရွေးကောက်ပွဲဆိုတဲ့ ကတိစကားထဲကို ဝင်ပြီးတော့ ရွေးကောက်ပွဲဝင်တယ်။ အခုကတော့ NUG က ပြည်သူလူထုက ရွေးကောက်တင်မြှောက်ပြီး အသိအမှတ်ပြုထားတဲ့ အစိုးရဖြစ်တဲ့အတွက် နိုင်ငံတကာက အသိအမှတ်ပြုဖို့ ဆက်လက်ကြိုးစားနိုင်ဖို့ လမ်းကြောင်းနှစ်ခုက သင်ခန်းစာယူစရာတွေ ဖြစ်ပါတယ်။”

တိုင်းပြည်ရဲ့ ဘုံရန်သူဟာ စစ်အာဏာရှင်ဖြစ်တယ်ဆိုတာကို ၈ လေးလုံး အရေးတော်ပုံကြီးက ရှင်းရှင်းလင်းလင်း မီးမောင်းထိုးပြခဲ့တဲ့ အရေးတော်ပုံ ဖြစ်ပါတယ်။

မြန်မာ့တော်လှန်ရေးသမိုင်းမှာ လက်ရှိနွေဦးတော်လှန်ရေးက အားအကောင်းဆုံးဖြစ်တဲ့အတွက် တိုင်းရင်းသားပြည်သူအားလုံး နားလည်မှုတည်ဆောက်ပြီး ညီညွတ်မယ်ဆိုရင် ဖက်ဒရယ်တိုင်းပြည်၊ ဖက်ဒရယ်တပ်မတော်ကို တည်ဆောက်နိုင်လိမ့်မယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောပါတယ်။

“အခု နွေဦးတော်လှန်ရေးလောက် ကြီးပြီးတော့ ရှည်လျားတဲ့ တော်လှန်ရေး မြန်မာ့တော်လှန်ရေး သမိုင်းမှာ မရှိခဲ့ဘူး။ ရှစ်လေးလုံးက ချပေးခဲ့တဲ့ အခြေခံနိုင်ငံရေးအမြင်ကို အခြေခံပြီးတော့ ဒီတိုင်းပြည်ကို ဖက်ဒရယ်တိုင်းပြည်အဖြစ် တည်ဆောက်ရမယ်။ ဒီတိုင်းပြည်ရဲ့ တပ်မတော်ကို ဖက်ဒရယ်တပ်မတော်အဖြစ် တည်ဆောက်ရမယ်။  ကျနော်တို့ တိုင်းပြည်မှာ တကယ့်ကို အခြေခံကျတဲ့ ပြဿနာတွေကို နွေဦးတော်လှန်ရေးက မီးမောင်းထိုးပြလိုက်တာ ဖြစ်ပါတယ်။ ရှစ်လေးလုံးတော်လှန်ရေးက ဒီနေ့လို တော်လှန်ရေးတွေ ဖြစ်ပေါ်လာဖို့ မျိုးစေ့ချပေးခဲ့တယ်လို့ ပြောချင်ပါတယ်။"

ရှစ်လေးလုံး အရေးတော်ပုံကို လေ့လာရင် ညီညွတ်မှုအားနည်းခဲ့တဲ့ အစိတ်အပိုင်းတချို့ ရှိခဲ့တဲ့အတွက် အခုနွေဦးတော်လှန်ရေးမှာ အာဏာရှင်တွေ စိတ်ကြိုက် သွေးကွဲတာမျိုးမဖြစ်အောင် ပြည်သူတွေက သတိထားရမယ်လို့ မန္တလေးသပိတ်ဦးဆောင်သူတစ်ယောက်ဖြစ်တဲ့ ကိုတေဇာဆန်းက ပြောပါတယ်။ 

“အဓိက ၈ လေးလုံး အရေးတော်ပုံကြီးအပါအဝင် မြန်မာ့လူထုတော်လှန်ရေး အဆက်ဆက်ကို ကြည့်မယ်ဆိုရင် လူထုက စုစည်းတယ်၊ ညီညွတ်တယ်ဆိုရင် တော်လှန်ရေးက တိုးတက်တယ်၊ ရှေ့ကို တဆင့်တက်နေပါတယ်။ တော်လှန်ရေးအင်အားစုတွေ လူထုတွေက မစုစည်းဘူး၊ မညီညာဘူး အလဲလဲအကွဲကွဲ ဖြစ်နေတယ်ဆိုရင် တော်လှန်ရေးရှေ့မတက်ဘဲ အီနေတာ နောက်ပြန်လည်နေတာတွေ ဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။ ၈၈ မှာလည်း ဒီလိုပုံစံတွေ တွေ့ခဲ့ရတာကို မှတ်သားဖူးပါတယ်။ အခုနွေဦးတော်လှန်ရေးမှာတော့ ဒါတွေကို သင်ခန်းစာယူကြဖို့ လိုပါတယ်။ ကျနော်တို့ လုံးဝသွေးမကွဲဘူး၊ စုစည်းကြမယ်။ အာဏာရှင်တွေ အကြောက်ဆုံးကလည်း ဒါပါပဲ။ သွေးကွဲသွားမှာ ဖရိုဖရဲဖြစ်သွားမှာကို အာဏာရှင်က အင်မတန်လိုလားပါတယ်။ အာဏာရှင်တွေက ပြည်သူတွေကြားထဲမှာ သွေးကွဲအောင် စနစ်တကျ လုပ်နေတယ်ဆိုတာကိုလည်း ပြည်သူတွေ သိဖို့ လိုအပ်ပါတယ်။ ကျနော်တို့ ၆ လကျော် စုစည်းခဲ့သလိုပဲ ရှေ့ဆက်ညီညွတ်ကြမယ်ဆိုရင် ကျနော်တို့ လိုချင်တဲ့ပန်းတိုင်ကို ရောက်မှာ ဖြစ်ပါတယ်။ သွေးမကွဲကြဖို့ တိုက်တွန်းချင်ပါတယ်။”

၂၀၂၁ ဩဂုတ် ၈ ရက် ဒီနေ့မှာ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး eight Finger Strike ကို ဖော်ဆောင်နေကြပါတယ်။ စစ်အာဏာရှင်က တော်လှန်ရေးသပိတ်တွေကို အကြမ်းဖက်ဖြိုခွဲခဲ့ပေမယ့် လူငယ်သပိတ်တွေကတော့ နေ့စဉ် လမ်းပေါ်ထွက်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်သပိတ်မှောက်နေကြတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024