Home
မြန်မာသတင်း
သီတင်း ၂ ပတ်အတွင်း တရုတ်နိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သား ၃၈၀၀ ကျော် နေရပ်ပြန်လာ
DVB
·
August 7, 2021

တရုတ်-မြန်မာ နယ်စပ် တရုတ်ဘက်ခြမ်းမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေ ကိုဗစ်-၁၉  အခြေအနေကြောင့် တရားဝင်ဂိတ်ကနေ ပြန်ဝင်လာနေကြရာမှာ ဇူလိုင် ၂၆ ရက်မှ ဩဂုတ် ၇ ရက်အထိ ၃၈၈၄ ဦးထိရှိလာပြီလို့  မြန်မာဘက်က လွှဲပြောင်းလက်ခံမှုမှာ ပါဝင်တဲ့ တာဝန်ရှိသူက ပြောပါတယ်။

တရုတ်အစိုးရအနေနဲ့ ရွှေလီနဲ့ ကျယ်ဂေါင်အပါအဝင် မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်တဲ့နေရာတွေမှာ ကိုဗစ်ရောဂါ ကူးစက်မှု အမြင့်ဆုံး အနီရောင်ဇုန်အဖြစ်သတ်မှတ်ထားပြီး ဒေသခံတွေကလွဲလို့ တရုတ်နိုင်ငံသားတွေအပါအဝင် မြန်မာနိုင်ငံသားတွေကိုလည်း နေရပ်ပြန်ခိုင်းနေတယ်လို့ ရွှေလီရောက် မြန်မာနိုင်ငံသားတွေကို အကူအညီ ပေးနေသူ တစ်ဦးက ပြောပါတယ်။

ဩဂုတ် ၅ ရက်ကစလို့ ပိုးကူးစက်မှု အမြင့်ဆုံး နေရာလို့ သတ်မှတ်ထားတဲ့ ရွှေလီမြို့က ကျင်းခမ်း၊ ရှမ်းရွာနဲ့ နောင်ခမ်းရွာတို့က ဒေသခံမဟုတ်သူတွေကို အကုန်ပြန်လွှတ်နေပြီလို့ ရွှေလီက ရွှေမြန်မာအွန်လိုင်း အရေးပေါ် ကျန်းမာရေးကူညီမှုအသင်းက ဥက္ကဋ္ဌ ကိုချမ်းမြေ့က ပြောပါတယ်။

“ကျယ်ဂေါင်နဲ့ ကျယ်ဂေါင် အနီးတဝိုက်က ရွာဆိုသူက ဗိုင်းရပ်စ်အနီဇုန်အဖြစ် သတ်မှတ်ပြီး အဲဒီမှာ ရွာခံ မဟုတ်ဘဲ တခြားက လူဆိုရင် တရုတ်ဖြစ်ဖြစ်၊ မြန်မာဖြစ်ဖြစ်  ကိုယ့်ဌာနေကို ပြန်ရမယ်။ ဒါမှမဟုတ် ဆေးစစ်ပြီးတော့ ရွှေလီမှာ နေလို့ရတယ်။ မြန်မာနိုင်ငံသားတွေက မြန်မာပြည် ပြန်ရမှာ။”

ကျယ်ဂေါင်ကိုတော့ လုံးလုံး ဗိုင်းရပ်စ်အနီရောင်ဇုန်အဖြစ် သတ်မှတ်ထားပြီး လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့ အချိန်ကြာနိုင်တာကြောင့် ပြန်ခိုင်းတာလို့ သူက ဆိုပါတယ်။

ရွှေလီဘက်က ပိုးကူးစက်မှု အလယ်အလတ်ဇုန်နဲ့ အနိမ့်ဆုံးဇုန်က နေထိုင်ခွင့် အပြည့်အစုံရှိတဲ့ လူတွေ၊  အလုပ်နဲ့ ပုံမှန်ဝင်ငွေ ရှိတဲ့ လူတွေကတော့ ဆက်လက် နေထိုင်လို့ရကြောင်း နီးစပ်သူ တစ်ဦးက ပြောပါတယ်။

“ပြန်ချင်ရင် စာရင်းပေး။ ရပ်ကွက်က နေပြီးတော့။ ကိုယ့်ပစ္စည်းတွေ အကုန်ယူ။ ယူပြီး ပြန်ရအောင်လို့ ပို့ပေးမယ်။ မပြန်ချင်လည်း ရတယ်။ နေလို့ရတယ်။ လော့ဒေါင်းချတာတောင်မှ တရားဝင်ဂိတ်ကနေ ထွက်တာ လက်ခံတုန်း” လို့ ဆိုပါတယ်။

ရွှေလီမှာ ကိုဗစ်-၁၉ ကူးစက်မှု လျော့ကျသွားပါက လုပ်ငန်းတွေ ပြန်လုပ်လို့ရပေမဲ့ လူစုလူဝေးဖြစ်စေတဲ့ ကျောက်ဝိုင်းကို အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ သိရပါတယ်။

နေထိုင်ခွင့် အထောက်အထား ပြည့်စုံတဲ့ မြန်မာနိုင်ငံသား လုပ်သားတွေအတွက် တရုတ်ဌာနဆိုင်ရာအဖွဲ့က စေတနာ့ဝန်ထမ်းတွေက ဩဂုတ် ၆ ရက်ကစပြီး  ပြန်၊ မပြန်၊ အလုပ်ရှိ၊ မရှိ၊ သူဌေးရှိ၊ မရှိ၊ သူဌေးက လုပ်အားခ ပေး၊ မပေး၊ မိသားစု ဘယ်နှယောက်ရှိလည်း စတာတွေကို စာရင်းလိုက်ကောက်နေပြီး အခက်အခဲရှိနေတဲ့သူတွေကို တရုတ်အစိုးရက ဆီ၊ ဆန်၊ ခေါက် ဆွဲခြောက်စတဲ့ အခြေခံစားသောက်ကုန်တွေ ထောက်ပံ့ပေးမှာဖြစ်ပါတယ်။

ရွှေလီမြို့မှာ ကိုဗစ်-၁၉ ရောဂါရှိ၊မရှိ စစ်ဆေးရာမှာ ဩဂုတ် ၂ ရက်က ပိုးတွေ့ထပ်တိုးလူနာ မြန်မာနိုင်ငံသား ၁ ဦး၊ တရုတ်နိုင်ငံသားတစ်ဦး ရှိလာတာကြောင့် ရွှေလီတမြို့လုံး ဩဂုတ် ၃ ရက် တရုတ်အချိန် မွန်းလွဲ ၂ နာရီမှာ လော့ဒေါင်း ပြန်လည်သတ်မှတ်ခဲ့ရပါတယ်။

ဇူလိုင် ၄ ရက်ကနေစပြီး တရုတ်ဘက် ရောက်နေတဲ့ မြန်မာနိုင်ငံသား တစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါ စတင်တွေ့ ရှိခဲ့ပြီး ဇူလိုင်လ ၄ ရက်နေ့မှ ဩဂုတ်လ ၆ ရက်နေ့အထိ ယူနန်ပြည်နယ်ရှိ မြန်မာနိုင်ငံသား ၅၀ ကျော် မှာ ပိုးတွေ့ရှိခဲ့ပါတယ်။

ဒါ့အပြင် ဇွန် ၁ ရက်မှ ဩဂုတ် ၆ ရက်အထိ မြန်မာနိုင်ငံက ပြန်လာတဲ့ တရုတ်နိုင်ငံသား ၃၀၀ ကျော်မှာ ပိုး စစ်ဆေးတွေ့ရှိကြောင်း ယူနန်ပြည်နယ် ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင်လဆန်းပိုင်းကစ တရုတ်-မြန်မာ နယ်စပ် ရွှေလီ၊ ကျယ်ဂေါင် မြို့တွေမှာ ကိုဗစ်ရောဂါ ကူးစက်မှုနှုန်း မြင့်မားလာတဲ့ အကြောင်းပြကာ နေထိုင်ခွင့် အထောက်အထားမရှိသူတွေ၊ ပုံမှန် အလုပ်နဲ့ ဝင်ငွေမရှိတဲ့ နိုင်ငံခြားသားတွေကို ပြည်နှင်သွားမှာ ဖြစ်ကြောင်း ရွှေလီမြို့ နိုင်ငံခြားသား အကူအညီပေးရေးနဲ့ စီမံခန့်ခွဲရေးစင်တာက ဇူလိုင် ၂၁ ရက်နေ့က အသိပေးကြေညာထားပါတယ်။ 

မြန်မာနိုင်ငံပြန်မယ့် မြန်မာရွှေ့ပြောင်းလုပ်သားတွေကို  ဇူလိုင်လ ၂၆ ရက် မြန်မာစံတော်ချိန် မနက် ၈ နာရီကစ နှစ်နိုင်ငံ တရားဝင် ဝင်/ထွက် ဂိတ်ပေါက် ဖြစ်တဲ့ နန်းတော်ပေါက်ကနေ ထွက်ခွင့် ပြုခဲ့တာဖြစ်ပြီး တရားဝင် ပြန်လာဖို့ အထောက်အထား မရှိသူတွေက နှစ်နိုင်ငံ နယ်စပ် ခိုးပေါက်တွေကနေ ပြန်လာသူတွေလည်း ရှိနေပါတယ်။

Pra Jaw ၊ Photo - ဦးမန်းမျိုးမြင့်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024