စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မှာ ဇွန် ၂၆ ရက်ကနေ ဩဂုတ် ၆ ရက်အထိ ၁ လခွဲလောက်အတွင်း ကိုဗစ်သံသယနဲ့ သေဆုံးသူ ၁၅၀ ကျော် ရှိလာတယ်လို့ မြို့နယ်ကိုဗစ်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။
ဩဂုတ် ၆ ရက်အထိ ကိုဗစ်အတည်ပြုလူနာ ၁၂ ဦး၊ ၉၆ ပါးဝေဒနာနဲ့သေဆုံးသူက ၁၀ ဦးလောက်နဲ့ ၁၅၀ ကျော်က ကိုဗစ်သံသယနဲ့ သေဆုံးကြတာလို့ ဆိုတယ်။
ကိုဗစ်-၁၉ရောဂါနဲ့ ရာသီတုပ်ကွေး ရောထွေးနေတဲ့အပြင် တချို့မိသားစုတွေရဲ့ အဖြစ်မှန် ဖုံးကွယ်မှုတွေကြောင့် ကူးစက်မှုက ပိုမိုပျံ့နှံ့တာဖြစ်ပြီး အောက်ဆီဂျင်ကျ သေဆုံးတာတွေလည်း များပြားခဲ့တယ်လို့ ကိုဗစ်ကော်မတီဝင်က ပြောပါတယ်။
မြို့နယ်ကိုဗစ်ကော်မတီဝင်က “ကိုဗစ်-၁၉ ရောဂါက မြို့နယ်အတွင်းမှာ အတော်ခရီးဆန့်နေပြီဗျ။ ဒီလိုဖြစ်ရတာကလည်း ကိုဗစ်လက္ခဏာပြတာကို ဖုံးကွယ်ထားလိုတာက တကြောင်း၊ ရာသီတုပ်ကွေးလို့ ထင်တာက တကြောင်းပေါ့။ သူတို့ မိသားစုထဲက တစ်ယောက် နှစ်ယောက် သေပြီဆိုမှ စစ်ဆေးခိုင်းတော့ ကိုဗစ်ရောဂါပိုးတွေ့ရော။ သူတို့နဲ့ ထိစပ်မှုက လိုက်လို့ မနိုင်တော့ဘူး။ အဲဒါကျနော်တို့ လက်တွေ့ပါပဲ” လို့ ပြောပါတယ်။
မြို့နယ်ကျန်းမာရေးဌာနအနေနဲ့ ဝန်ထမ်းအင်အားနည်းပါးတာ၊ အတည်ပြုလူနာများပြား တာကြောင့် ကုသရေးစင်တာတွေမှာပဲ ရှိတဲ့လူအင်အားနဲ့ လုံးပန်းနေကြရတဲ့အတွက် နယ်ဆင်းပြီး ကိုဗစ်စစ်ဆေးမှု ပြုလုပ်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
မြို့နယ်ကျန်မာရေးဦးစီးမှူး ဒေါက်တာ လေးဖြူပြာအောင်က “ဆေးရုံမှာ နေရာလွတ်တယ်။ ကျန်းမာရေးစောင်ရှောက်ပေးမယ့် ဝန်ထမ်းအပြည့်အစုံရှိတယ်ထားဦး၊ အောက်စီဂျင် လိုအပ်ချက်ရှိနေဦးမှာပဲ” လို့ ပြောပါတယ်။
လက်ရှိ ဆေးရုံနဲ့ ကုသရေးစင်တာတွေမှာ အသက်ကြီး အောက်ဆီဂျင်လိုအပ်တဲ့ လူနာတွေ ရှိနေတဲ့အတွက် နောက်ထပ်အောက်ဆီဂျင်လိုအပ်သူတွေကို ဆေးရုံတက်ခိုင်းပြီး ကုသစေမယ်ဆိုရင် အောက်ဆီဂျင်ပြတ်လပ်ပြီး သေဆုံးမှာလည်း စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
ရေဦးမြို့ပေါ်က သေဆုံးသူ ၁၀၀ လောက်အပါအဝင် မုတ်စီရွာ၊ ကုက္ကိုစုရွာ၊ မူးသာကုန်း၊ မကျီးတော၊ ဇီးကုန်း၊ အောင်ဇေယျာအေး၊ ထန်းတော၊ ကျောက်စာကုန်း၊ ဇေယျဝတီ၊ မုံတိုင်ပင်၊ ရွာဗုကြီး၊ ပုဏ္ဏကား၊ မီးမောင်းကုန်း၊ ရွာပုလဲ၊ ရွာသစ်(ချမ်းသာ) စတဲ့ ကျေးရွာ ၁၅ ရွာမှာ သံသယဖြစ်ဖွယ် သေဆုံးမှုတွေ ရှိခဲ့ပြီး တစ်လခွဲအတွင်း စုစုပေါင်း သေဆုံးသူ ၁၇၀ ကျော်ရှိသွားပြီလို့ မြို့နယ်အချက်အလက်တွေအရ သိရပါတယ်