Home
မေးမြန်းခန်း
နွယ်အေးစွန္နီဂျာမေဗလီလူမှုကူညီရေးအသင်း အတွင်းရေးမှူးနှင့် မေးမြန်းချက်
DVB
·
August 7, 2021

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကာလ ရောဂါကူးစက်မှုရော သေဆုံးမှုပါ မြင့်တက်နေချိန်မှာ ကိုဗစ်လူနာတွေအတွက် အရေးပေါ်လိုအပ်နေတဲ့ အောက်ဆီဂျင် အပါအဝင် ကိုဗစ် ကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်းတွေကို   နွယ်အေးစွန္နီဂျာမေဗလီလူမှုကူညီရေးအသင်းက ဈေးနှုန်းချိုသာစွာရောင်းချပေးနေပါတယ်။ ခုလို ရောင်းချပေးနေတဲ့ အစီအစဉ်တွေနဲ့ ရည်ရွယ်ချက်တွေနဲ့ပတ်သက်ပြီး အသင်းရဲ့  အတွင်းရေးမှူး ဦးဇော်မင်းလတ်ကို ဒီဗွီဘီက တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး— နွယ်အေးစွန္နီဂျာမေဗလီလူမှုကူညီရေးအသင်းက လက်တွေ့ပြင်ပမှာ စျေးတအားမြင့်နေတဲ့ ကိုဗစ်ဆိုင်ရာ ပစ္စည်းတချို့ စျေးတွေကို ခေါက်ချိုးစျေးမကဘူး စျေးလျှော့ရောင်းနေတယ်။ ဒီအစီအစဉ်ကို ဘယ်လိုရည်ရွယ်ချက်နဲ့ စိတ်ကူးစိတ်သန်းရတာလဲ ခင်ဗျ။

ဖြေ— “အဓိကကတော့ ကျနော်တို့ နိုင်ငံဖြစ်ပျက်နေတဲ့ ကိုဗစ်ကိစ္စမှာ တချို့ စီးပွားရေး လုပ်ငန်းရှင်တွေဟာ စျေးနှုန်းတွေကို မတော်မတရားစျေးတွေ တင်ပြီးရောင်းချနေတာ တွေ့မြင်နေရပါတယ်။ အဲဒီလိုစျေးတွေ တင်ပြီးရောင်းချနေတာကို မရှိဆင်းရဲသားတွေက လုံးဝအခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်နေရတယ်။ ဒါကြောင့်မို့လို့ စျေးတခုကို တန်ရာတန်ကြေးဖြစ်အောင် ဆိုပြီးတော့ ကျနော်တို့ အဖွဲ့တွေအားလုံး တိုင်ပင်ပြီးတော့ စျေးနှုန်းကို မူလစျေးအတိုင်း ပြန်ရအောင် ကျနော့်မိတ်ဆွေသူငယ်ချင်း စီးပွားရေးလုပ်ငန်းရှင်တချို့နဲ့ အကူအညီတောင်းပြီးတော့ မူလသွင်းထားတဲ့ပစ္စည်းတွေကို မူလစျေးနဲ့ မူလစျေးအတိုင်းရအောင်၊ တနိုင်ငံလုံး တပြေးညီဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ခြင်း ဖြစ်တယ်။”

မေး— အစ်ကိုတို့ စျေးနှုန်းတွေချပြီးတော့ ရောင်းတာက ဘယ်တိုင်း၊ ဘယ်ပြည်နယ်တွေလဲ ခင်ဗျာ။

ဖြေ– “အခုဆိုရင် ကျနော် ထင်သလောက်ဆိုရင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန် သွားနေပြီ။ စစ်ကိုင်းရောက်နေပြီ၊ မုံရွာ ရောက်နေပြီ၊ ကရင် ရောက်နေပြီ၊ ရှမ်းပဲ ကျန်တော့တယ်။ ရှမ်းကိုလည်း ချိတ်ဆက်ဖို့ ကြိုးစားနေတယ်။ စျေးကွက်ကို တညီတညာတည်း တနိုင်ငံလုံးဖြစ်အောင် ကျနော် ကြိုးစားနေတယ်။ အဲတော့ ကျန်တာတော့ ရှမ်းနဲ့ ရခိုင်ပဲ ကျန်တော့တယ်။ ကျန်တဲ့ တိုင်းနဲ့ပြည်နယ်အသီးသီး အများစုကတော့ ရောက်နေပါပြီ။”

မေး– အစ်ကိုတို့ အခုရောင်းပေးနေတဲ့စျေးနဲ့ ပြင်ပပေါက်စျေးနဲ့ကို နှိုင်းယှဉ်ပြပေးပါလား ပြည်သူတွေ သိရအောင်။ 

ဖြေ– “Oximeter တခုဆိုရင် ကျပ်နှစ်သောင်းခွဲလောက်နဲ့ အပြင်မှာ ရောင်းကြတယ်။ တကယ် ပစ္စည်းရဲ့တန်ဖိုးက ကောင်းပါတယ်ပြောတဲ့ ပစ္စည်းတန်ဖိုးက ငါးထောင်ငါးရာ ၊ ခြောက်ထောင်ပဲ ရှိတယ်။ ဒါက ကျနော် စျေးကွက်ကို သေသေချာချာ လိုက်ကြည့်လိုက်တဲ့အချိန်မှာ သူတို့ သွင်းလာတာ ငါးထောင်၊ ခြောက်ထောင်ရှိတယ်။ ဒါကြောင့် ကျနော်တို့က ကျနော့်မိတ်ဆွေကုန်သည်တွေကို အကူအညီတောင်းတယ်။ တောင်းပြီးတော့ မင်းတို့ တခုကို ငါးရာ လောက် စားရင်လည်းစား၊ တစ်ထောင်လောက် စားရင်လည်းစား၊ ကျနော့်ကို ခြောက်ထောင်နဲ့  ပေးပါဆိုပြီး Oximeter ကို အားလုံးကို ကျနော် ခြောက်ထောင်နဲ့  ညှိပြီးတော့ တိုင်းနဲ့ ပြည်နယ်အားလုံးကို ရောင်းနိုင်ဖို့ ကြိုးစားခဲ့တယ်။ Flow Meter လည်း ဒီလိုပဲ Flow Meter ပြင်ပပေါက်စျေးမှာ တသိန်းခွဲ ၊ တသိန်းက ခေါ်စျေးဖြစ်နေတယ်။ ဒီ Flow Meter တခုရဲ့ တန်ကြေးဟာ နှစ်သောင်းခွဲနဲ့ သုံးသောင်း ကြားပဲ ရှိတယ်။ အဲဒါကြောင့်မို့လို့ Flow Meter ကို သုံးသောင်းနဲ့ တနိုင်ငံလုံးကို ရောင်းနိုင်အောင် ကြိုးစားနေတယ်။ အခုလည်းကျနော် Flow Meter တွေကို ရန်ကုန်တိုင်းမှာ စပြီ၊ ဧရာဝတီကိုလည်း သွားမယ်၊ ပဲခူးကိုလည်း သွားမယ်၊ တိုင်းနဲ့ပြည်နယ်ကို တပြေးညီဖြစ်အောင် ကျနော် ဆောင်ရွက်မယ်။”

မေး– Flow Meter က ခုလက်ရှိအရောင်းအဝယ်ဖြစ်နေတာက ခုနှစ်သောင်း ၊ ရှစ်သောင်းနဲ့ ဖြစ်နေကြတယ်နော်။

ဖြေ– “မှန်တယ်၊ လက်ရှိမှာကိုက တချို့တွေ ခုနှစ်သောင်း  ရောင်းတယ်။ ရှစ်သောင်းတွေ ရောင်းတယ်။ တယောက်နဲ့တယောက် မတူကြပေမယ့် အနည်းဆုံးတော့ ခုနှစ်သောင်း အထက်ပဲ ရောင်းနေကြတယ်။ ဒါကို ကျနော် ကြိုးစားမယ်၊ တနိုင်ငံလုံးမှာ Flow Meter တခုရဲ့တန်ကြေးဟာ သုံးသောင်းဖြစ်အောင် ကျနော် ကြိုးစားပြီး ဆောင်ရွက်မယ်။ တိုင်းနဲ့ပြည်နယ်အားလုံးကိုလည်း ဒီစျေးနဲ့ သုံးသောင်း နဲ့ရအောင် ကြိုးစားမယ်။ အခု ရန်ကုန်တိုင်းမှာ စပြီ။ ဒီနေ့ပဲ ကျနော် ဧရာဝတီနဲ့ ပဲခူးဘက်ကို ဖောက်နေပြီသွားဖို့၊ ပစ္စည်းတွေ ပို့နေပြီ။”

မေး– အောက်ဆီဂျင်နဲ့ပတ်သက်လို့ရော တိုင်းနဲ့ပြည်နယ်ဘယ်လောက်မှာ ရောင်းပေးဖြစ်လဲခင်ဗျာ။

ဖြေ– “အောက်ဆီဂျင်အရည်ဖြည့်တာတော့ ကျနော် ဒေါပုံပဲ လုပ်နိုင်သေးတယ်။ တိုင်းနဲ့ပြည်နယ်ကို မကူညီနိုင်သေးဘူး။ အောက်ဆီဂျင်ကိစ္စကတော့။”

မေး– ဆေးဝါးနဲ့ပတ်သက်လို့ရော လုပ်ဖို့ရှိမလား၊ ဥပမာ စျေးကွက်ထဲမှာ သွေးကျဲဆေးဆိုရင် အရင်မူလစျေးနဲ့ လက်ရှိပေါက်စျေးနဲ့က သုံးဆ၊ လေးဆ ကွာနေတယ်။ ရှစ်ထောင် ၊ တစ်သောင်းတန်က အခုအခါ နှစ်သောင်းခွဲ၊ သုံးသောင်း ဖြစ်နေတယ်။ အဲဒါကိုရော ရောင်းချပေးဖို့ အစီအစဉ်ရှိလား။

ဖြေ– “သွေးကျဲဆေးကိစ္စလည်း ကျနော့်မိတ်ဆွေတွေနဲ့ တိုင်ပင်နေတယ်။ မကြာခင်မှာ သွေးကျဲဆေးကိုလည်း ထိုက်သင့်တဲ့စျေးတခုဖြစ်အောင် ကျနော်တို့ ဆောင်ရွက်မယ်၊ မကြာတော့ပါဘူး။ ရောက်လာတော့မှာပါ။”

မေး– လွန်ခဲ့တဲ့ သီတင်းပတ်တွေတုန်းက နွယ်အေးဗလီကို လာတုန်းက အောက်ဆီဂျင် တန်းစီနေကြသူတွေကို ဗလီရှေ့မှာ တွေ့ရတယ်။ အခုအခါ မတွေ့ရတော့ဘူး၊ အဲဒီအစီအစဉ်အစား ခြံဝင်းမှာပဲ တိုက်ရိုက်ဖြည့်တင်းပေးနေတာ တွေ့ရတယ်။ ကျနော်တို့ကြားနေရတာက တန်းစီကြပြီး မှောင်ခိုစျေးနဲ့ ပြန်ရောင်းသူတွေ ရှိတယ်လို့လည်း ကြားရလို့။ အဲဒီအခြေအနေ ရှင်းပြပါလား။

ဖြေ– “အရင်တုန်းက ကျနော်တို့ အောက်ဆီဂျင်ပေးတာကို တန်းစီစနစ်နဲ့ပေးတယ်။ အဲဒီမှာ တကယ် အမှန်တကယ်လိုအပ်တဲ့သူလည်း ပါသလို တချို့တွေမှာ ဒီအောက်ဆီဂျင်ကို တန်းစီပြီးတော့ တခြား လိုအပ်တဲ့နေရာကို သွားရောင်းတဲ့သူလည်း တွေ့ရှိရတယ်။ အနည်းငယ်ပေါ့။ အဲဒီပေါ်မှာ ဘာသုံးသပ်လဲဆိုတော့ ဒါဆိုရင် ရေရှည်ဆိုရင် အောက်ဆီဂျင်စျေးကွက်ကြီးတခု ဖြစ်သွားနိုင်တယ်။ ဒါကြောင့် ကျနော်တို့ အခု အောက်ဆီဂျင်ပေးတဲ့အဖွဲ့တွေအားလုံး ချိတ်ဆက်ပြီးတော့ လူနာကို ဗွီဒီယိုကော ခေါ်၊ ဒီအိမ်မှာ လူနာရှိ၊ မရှိ ဗွီဒီယိုကော ခေါ်ပြီးတော့မှ ကျနော်တို့ အောက်ဆီဂျင်အရည်ကို အရည်ဖြည့်ပေးတယ်။ အဲလိုလုပ်လိုက်တဲ့အတွက် ကျနော်တို့ အခုဆိုရင် အောက်ဆီဂျင် မပြတ်လပ်အောင် ပေးနိုင်တယ်။ တကယ့်လိုအပ်တဲ့လူတွေ လက်ထဲလည်း ရောက်တယ်။ အောက်ဆီဂျင်ကို အရောင်းအဝယ်ပွဲစားလုပ်နေတဲ့လူတွေရန်ကိုလည်း ကာကွယ်ပြီးသား ဖြစ်သွားတယ်။”

မေး– နွယ်အေးဗလီကနေပြီးတော့ လူမှုကူညီရေးအသင်းက ပြည်သူလူထု လိုအပ်ချက်တွေကို ဖြည့်တင်းပေးနေ၊ အကောင်အထည်ဖော်နေတာဟာ စေတနာသန့်သန့်နဲ့ဆိုတော့ အန္တိမရည်မှန်းချက်ပေါ့နော်၊ အစ်ကိုတို့စိတ်ထဲက ရည်မှန်းချက်တွေ ပြောပြပါ။

ဖြေ– “ဒီဟာကို အကောင်အထည်ဖော်တာက ကျနော်တို့ ဒါက ကျနော်တို့နိုင်ငံရဲ့ အရေးပဲဗျ။ ကျနော်တို့နိုင်ငံရဲ့ အရေးဟာ နိုင်ငံသူ၊ နိုင်ငံသားအားလုံးရဲ့ အရေးပဲ။ နိုင်ငံမှာ ဘေးဒုက္ခတခုဖြစ်လာတယ်ဆိုရင် နိုင်ငံသားအားလုံးရဲ့ တာဝန်ပဲ။ အဲဒီတော့ ကျနော်တို့က ကျနော်တို့တာဝန်ကို ကျနော်တို့ ဆောင်ရွက်နေခြင်းဖြစ်တယ်လို့ ကျနော်တို့ ခံယူတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024