ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေအပါအဝင် ကိုဗစ်သံသယ အခြားရောဂါတွေနဲ့ သေဆုံးသူတွေကို သင်္ဂြိုဟ်ပေးရတာ အခုလမှာ ၂ ဆနီးပါး မြင့်တက်လာတယ်လို့ မီးသင်္ဂြိုဟ်စက်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
သြဂုတ် ၅ ရက်က ရိုးရိုးသာမာန် သေဆုံးသူ ၅ ဦးအပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၆ ဦးနဲ့ သံသယလူနာ ၁၂ ဦး စုစုပေါင်း ၂၃ ဦးထပ်မံသေဆုံးခဲ့တယ်လို့ ပရဟိတဆောင်ရွက်နေသူတဦးက ပြောပါတယ်။
“မနေ့ကတရက်တည်း ရိုးရိုးသာမာန် သေဆုံးသူအပါအဝင် စုစုပေါင်း ၂၃ ဦးသေဆုံးခဲ့တာပါ။ မီးသင်္ဂြိုဟ်ဖို့ နောက်ကျနေတာကြောင့် ပြည်ကုတင် ၅၀၀ ဆေးရုံကြီးက ရင်ခွဲရုံမှာ အတည်ပြုလူနာ ၁ ဦးနဲ့ သာမာန်သေဆုံးသူ ၁ ဦးရဲ့ ရုပ်အလောင်း ၂ လောင်းကျန်နေသေးလို့ ဒီနေ့မှ မီးသင်္ဂြိုဟ်မှာပါ” လို့ ပြောပါတယ်။
အရင်လတွေက ကိုဗစ်သံသယ အခြားရောဂါတွေနဲ့သေဆုံးမှုက တလလုံးပေါင်းမှ ၁၅၀ နဲ့ ၁၈၀ ဝန်းကျင်ပဲရှိခဲ့ပြီး အခုလမှာ ၂ ဆ နီးပါးမြင့်နေတာကြောင့် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
ပြည်မြို့မှာ ဇူလိုင်လဆန်းကနေ သြဂုတ်လဆန်းအထိ တလအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၃၁၇ ဦးအပါအဝင် ကိုဗစ်သံသယအခြားရောဂါတွေနဲ့ သေဆုံးသူ စုစုပေါင်း ၆၈၀ လောက်ရှိနေလို့ တစ်ရက်ကို ပျှမ်းမျှလူဦးရေ ၂၀ ဝန်းကျင် သေဆုံးနေတာလို့ သိရပါတယ်။