ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံခြားသားဦးရေ ၃၅,၀၀၀ ကျော်ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးဖို့ စာရင်းပေးထားကြပြီးဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ထနီးဆန်းဂရတ်က ထိုင်းနိုင်ငံတဝန်း နိုင်ငံခြားသား ၃၅,၄၅၅ ယောက်ဟာ expatvac.consular.go.th ဝက်ဘ်ဆိုက်ကတဆင့် ကာကွယ်ဆေးထိုးနှံဖို့ စာရင်းပေးခဲ့ကြပြီးဖြစ်ကာ သူတို့ထဲမှာ အသက် ၆၀ အထက် ၇,၇၉၃ ယောက်၊ အခြေခံ ကျန်းမာရေးအခြေအနေ မကောင်းသူ ၂,၅၀၀ နဲ့ ကိုယ်ဝန်ဆောင် ၁၄၃ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး အွန်လိုင်းကတဆင့် စာရင်းပေးနိုင်မယ့် ဝက်ဘ် ဆိုက်ဒ်ကိုတော့ ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်က စတင်လွှင့်တင်ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံတဝန်း နေထိုင်ကြတဲ့ ကာကွယ်ဆေး မထိုးရသေးတဲ့ နိုင်ငံခြားသားတွေအတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။
မစ္စတာ ထနီးကတော့ အသက် ၆၀ နှစ်နဲ့အထက်ရှိသူတွေ၊ ကိုယ်ဝန် ၁၂ ပတ်နဲ့ အ ထက် လွယ်ထားရသူတွေနဲ့ အခြေခံကျန်းမာရေးပြသနာ ၇ ခုထဲက တစ်ခုခုရှိသူတွေက ပထမဦးစားပေး ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံခွင့်ရမှာဖြစ်တယ်လို့ ပြောပါတယ်။
ခုလတ်တလော ဝက်ဘ်ဆိုက်ကတဆင့် မှတ်ပုံတင်ထားသူတွေထဲက ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရမယ့် နေ့ရက်၊ နေရာတွေကိုတော့ အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ အကြောင်းကြား ပေးသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံရပ်ခြားမှာ ပညာဆက်လက်သင်ကြားဖို့ ပြင်ဆင်နေကြတဲ့ ထိုင်း ကျောင်းသား၊ကျောင်းသူတွေကိုလည်း မြို့တော်ဘန်ကောက်နဲ့ ခရိုင်တွေကတဆင့် ကာကွယ်ဆေး ထိုးနှံနိုင်ဖို့ စာရင်းပေးရမယ့် ဝက်ဆိုက်ဒ်စာမျက်နှာတွေ ဖွင့်လှစ်ထားရှိပေးထားတယ်လို့ ဆိုပါတယ်။
ကာကွယ်ဆေးထိုးနှံလိုတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ တက်ရောက်မယ့် ကျောင်း အထောက်အထား၊ ကျောင်းသားဗီဇာ၊ လိုအပ်တဲ့ အထောက်အထားစာရွက်စာတမ်းတွေ တင်ပြရ မယ်လို့ ဆိုပါတယ်။