စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အတွင်းက စစ်ကောင်စီခန့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး တချို့ဟာ ဆက်လက်ပြီး တာဝန်မထမ်းဆောင်လိုတာကြောင့် ရာထူးက နုတ်ထွက်စာ တင်ထားကြတယ်လို့ သိရပါတယ်။
ဇေယျဝတီကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနဲ့ လင်းဖြူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ဟာ စစ်ကောင်စီက ပေးအပ်ထားတဲ့တာဝန်တွေကို မထမ်းဆောင်လိုတော့လို့ ဩဂုတ် ၅ ရက်က နုတ်ထွက်စာတင်ထားတာဖြစ်ပြီး ရေမြက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူနဲ့တမာတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့လည်း နုတ်ထွက်ထားကြတာဖြစ်ပါတယ်။
“ကျနော်တို့ မြို့နယ်မှာဆိုရင် အုပ်ချုပ်ရေးမှူးအဖြစ်က နုတ်ထွက်တာ အားလုံး ၄ ဦး ရှိ သွားပြီ။ ညောင်နီကန်အုပ်ချုပ်ရေးမှူးကတော့ အသတ်ခံရတယ်။ တချို့အုပ်ချုပ်ရေးမှူးတွေဆို အမည်စာရင်းသာ ရှိတာ ရွာမှာ မရှိကြဘူး တချို့ ဖားကန့်သွားသူကသွားကြတယ်။ တချို့လည်း တိမ်းရင်းရှောင်ရင်းနဲ့လက်သမားလုပ်သူလုပ် ပန်းရံလုပ်သူလုပ်ကြနဲ့ အုပ်ချုပ်ရေးမှူးတာဝန်ကို စိတ်မဝင်စားကြသလို မလုပ်ရဲကြတာလည်း ပါတယ်”လို့ အုပ်ချုပ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူ တစ်ဦးကပြောပါတယ်။
ရွှေဘိုခရိုင်အတွင်းမှာ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်းမြို့နယ်တွေက ပြည်သူကို အကျိုးမပြုတဲ့ စစ်ကောင်စီခန့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ဒလန်တွေကို ရှင်းလင်းသုတ်သင်မှု အများဆုံးပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။
နိုင်ငံတဝန်းက မြို့နယ်အချို့မှာလည်း ကျေးရွာအုပ်ချုပ်ရေးရုံးတွေ ဗုံးဖောက်ခွဲခံရတာနဲ့ အုပ်ချုပ်ရေးမှူးတွေ အသတ်ခံနေရတာကြောင့် နုတ်ထွက်နေကြတယ်လို့ သိရပါတယ်။